နေပြည်တော် ဧပြီ ၂
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ မတ် ၃၁ ရက်မှ ဧပြီ ၁ ရက်အထိကျင်းပသည့်အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့် မြင့်လုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေး (The First Meeting of the High-level Task Force on the ASEAN Community’s Post-2025 Vision)သို့မြန်မာနိုင်ငံမှ အဆင့်မြင့်လုပ်ငန်း အဖွဲ့ဝင် (Eminent Person-EP) ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊အဆင့်မြင့် ကိုယ်စားလှယ် (High Level Representative-HLR) မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးအောင်မျိုးမြင့်နှင့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပူးတွဲသဘာပတိများအဖြစ် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Dr. Chem Widhya နှင့် မလေးရှားနိုင်ငံ ယခင် လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ H.E. Tan Sri Hasmy Agam တို့က ဆောင်ရွက်ခဲ့သည်။ အစည်း အဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်တာဝန်ကိုယူကြသည့်ဒုတိယ ဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများ၊ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအ တွင်းရေးမှူးချုပ်၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်များနှင့် တာဝန်ရှိသူများပါဝင် တက်ရောက်ခဲ့ သည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့၏ စည်းမျဉ်း၊လုပ်ထုံး လုပ်နည်းများနှင့် လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေး အတည်ပြုခဲ့ သည်။ ထို့ပြင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ရေးဆွဲရာတွင် သက်ဆိုင် သူအားလုံး ပါဝင်စေရန် ဆောင်ရွက်မည့်အစီအစဉ်၊ အာဆီယံ၏စွမ်းဆောင်ရည်ခိုင်မာအားကောင်းစေ ရေးဆောင် ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဆီယံ အသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ၊အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့် အဓိက အချက်များအပေါ် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ဒုတိယဝန်ကြီးက အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ စည်းမျဉ်းနှင့်စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များက အတည်ပြုထားသည့် လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီဆောင်ရွက်နိုင်ရန် လိုအပ်သည့် အခြေအနေ များကိုလည်းကောင်း၊ အဆင့်မြင့်လုပ်ငန်း အဖွဲ့၏ အစည်းအဝေးများကို အဖွဲ့ဝင်များစုံညီစွာ ကျင်းပရန် လိုအပ်မှုကို လည်းကောင်း၊အာဆီယံ အသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုတွင် မဏ္ဍိုင်တစ်ခု ၏ အဓိကဦးစားပေးဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အခြားမဏ္ဍိုင်များ၏ ဦးစားပေး လုပ်ငန်းများ အကြားအပြန်အလှန်ချိတ်ဆက်မှု ရှိနေသည့်အတွက် ညှိနှိုင်းပေါင်းစပ်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှုကို လည်းကောင်းဆွေးနွေးအကြံပြုခဲ့သည်။ထို့ပြင် ဒုတိယဝန်ကြီးသည် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းမည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့များဖွဲ့ပြီးဆန်းစစ် လေ့လာရန်နှင့် သက်ဆိုင်ရာနိုင်ငံအလိုက် အဆိုပြု ချက်များအပေါ် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လေ့လာစိစစ်၍ ဒုတိယအကြိမ် အစည်းအဝေးတွင် အဖွဲ့ဝင်များက ဆွေးနွေးသုံးသပ်မည့် အစီအစဉ်များကို ပါဝင်ဆွေးနွေးခဲ့သည်။
အဆင့်မြင့်လုပ်ငန်းအဖွဲ့သည် ၂၀၂၅ အလွန်တွင် ပေါ်ပေါက်လာနိုင်သည့် ဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများ၊ ကြုံတွေ့လာနိုင်သည့်သဘာဝ ဘေးအန္တရာယ်များနှင့် ကပ်ရောဂါများကြောင့် လူမှုစီးပွား ထိခိုက်မှုများနှင့်အာဆီယံဗဟိုပြုသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုခိုင်မာ အားကောင်း စေရေး ဆောင်ရွက်ရန်လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားလျက် အာဆီယံ၏ အနာဂတ် ပေါင်းစည်း မှုကို အဓိကပုံဖော်မည့်မျှော်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား ရေးဆွဲရာတွင် အကြံပေးအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်