နေပြည်တော် ဧပြီ ၂
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး (Sanitary and Phytosanitary-SPS) ကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်၍ အဓိက အိမ်နီးချင်းဈေးကွက်ကြီးတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက်အား ဧပြီ ၁ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရန် ဆန်၊ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွားအရှင်နှင့် ပြောင်း တင်ပို့နိုင်ရေးအတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) သဘောတူစာချုပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့အကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ ယခုငှက်ပျောသီးကို တရားဝင်တင်ပို့နိုင်ရန်အတွက် ငါးကြိမ်မြောက် လက်မှတ်ရေးထိုးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောတန်ချိန် ရှစ်သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး ယခုလက်မှတ်ရေးထိုးသည့် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နိုင်မည်ဖြစ်၍ မြန်မာ-တရုတ် နှစ်နိုင်ငံကြား လယ်ယာထွက်ကုန်များ တရားဝင်ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်ပြီး ငှက်ပျောစိုက်တောင်သူများ၏ အကျိုးစီးပွားပိုမိုတိုးတက် ကောင်းမွန်လာစေခြင်းသာမက စိုက်ပျိုးခုတ်သိမ်းတင်ပို့သည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ပါဝင်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥများ တင်ပို့နိုင်ရေးတို့အတွက် အပင်/ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အလားအလာရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ အတွက်လည်း လိုအပ်သည့် ပိုးမွှားရောဂါဆန်းစစ်မှုဆိုင်ရာ အချက်အလက်များကို နှစ်ဘက်ညှိနှိုင်းဖလှယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်