Skip to main content

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု လိုက်လံကြည့်ရှု

မန္တလေး   ဧပြီ   ၂

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့နှင့်အတူ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှု ကို ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစန်းအောင်၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ တင့်မိုးသူဇာနှင့် တာဝန်ရှိသူများက  စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေး ထားမှုအခြေအနေများကို ရှင်းလင်းပြသကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က   လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မတ် ၃၁ ရက်မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနများ၌ ကျင်းပလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၃၉ ခု ၌ စာရင်းရှိ ၃၇၂၃၅ ဦးတွင် ယနေ့ ဖြေဆိုသူ ၃၃၄၅၉ ဦး (၈၉ ဒသမ ၈၆ ရာခိုင်နှုန်း)ရှိကြောင်း၊ စာမေးပွဲမဖြေဆိုမီ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နှာခေါင်းစည်းများ တပ်ဆင်လာစေခြင်း၊ အပူချိန်တိုင်းတာခြင်း၊ စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်၊ မမှန် စစ်ဆေးပေးခြင်းများကို ဆရာ၊ ဆရာမများက  စနစ်တကျစစ်ဆေးခြင်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်း၊   ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်