နေပြည်တော် ဧပြီ ၂
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက် ၄၀ နှင့်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်နှင့် ယနေ့တွင်ရှမ်း ပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ် ၁၅ မြို့နယ်တို့၌ ဒေသခံပြည်သူ ၆၂၇၇ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၅၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်၌ ဒေသခံပြည်သူ ၁၆၂၇၆ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်၌ ဒေသခံပြည်သူ ၈၂၆၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခုနစ်တို့မှ ဒေသခံပြည်သူ ၂၂၇၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၌ ဒေသခံပြည်သူ ၃၈၀ တို့ကိုတပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဧပြီ ၁ ရက် နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၌ ကျောင်းသား ကျောင်းသူ ၇၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်