Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး၊ တက္ကသိုလ်နှင့်အခြေခံပညာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ

နေပြည်တော်   ဧပြီ   ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီးဦးဝင်းရဲထွန်း၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ကချင်ပြည်နယ် ပညာရေးမှူးနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ ၂၀၂၁-၂၀၂၂   ပညာသင်နှစ်၊  တက္ကသိုလ်ဝင်စာမေးပွဲ  စာစစ်ဌာနများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းရှိ စာစစ်ဌာနသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများနှင့် စာမေးပွဲ ဆိုင်ရာ  လုပ်ငန်းဆောင်ရွက်နေမှုများကို   ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ၂၀၂၂  ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာဖြင့်  စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန်၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအနေဖြင့် လိုက်နာ ဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်တို့ကို မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကချင်ပြည်နယ် အားကစားနှင့်   ကာယပညာဦးစီးဌာန၏   ပြည်သူ့အားကစားကွင်းတွင်  ကျင်းပသည့်   အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနမှကြီးမှူးကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁)  အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍  မေးခွန်းလွှာ၊ အဖြေလွှာများ   ဆောင်ရွက်ထားရှိမှု၊   ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုနှင့် စာမေးပွဲ ဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်  မြစ်ကြီးနားတက္ကသိုလ်သို့သွား‌ရောက်ပြီး သိပ္ပံလက်တွေ့ ခန်းများ၊  တက္ကသိုလ်စာကြည့်တိုက်များနှင့်  စာသင်ဆောင်များကို  ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်  မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊  ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ မြစ်ကြီးနားတက္ကသိုလ် သုတေသန စင်တာကို လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊     မြစ်ကြီးနားတက္ကသိုလ်တွင် ဘာသာရပ်အစုံ အတန်းစုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်  လိုအပ်သည်များကို   ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်းဖြင့်   ပြောကြား သည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြား၍ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)သို့  သွားရောက်၍  စာသင်ဆောင်များ၊ ကျောင်းအဆောက်အအုံများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း တွင် ကချင်ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းအုပ် ကြီးများ၊  ဆရာ ဆရာမများနှင့်တွေ့ဆုံ၍   အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေး မြင့်မားရေးအတွက် စေတနာထား၍ သင်ကြားပေး ကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို တကယ်တတ်အောင် တကယ်တော်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လုပ်ဖော် ကိုင်ဖက်အချင်းချင်းတွင် ကိုယ်ချင်းစာတရား၊ မေတ္တာတရားထား၍ ပညာရေးလုပ်ငန်းများ အောင်မြင်ရေး လက်တွဲဆောင်ရွက်ကြစေလိုပါ ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ၊ ဆရာမများက  သိရှိလိုသည်များနှင့်   လိုအပ်သည်များကို မေးမြန်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးဖြေကြား၍ ကျောင်းများအတွက် စာသင်ဆောင်၊ ကျောင်းဆောင်လိုအပ်ချက်များ၊ ရေတွင်း၊ ရေစင်၊  ရေစက် လိုအပ်ချက်များ၊  ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး လိုအပ်ချက်များနှင့် ဆရာ၊ ဆရာမ လိုအပ်ချက်စသည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်