Skip to main content

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် ဧပြီ ၂

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်၊ Designated Banks ခွင့်ပြုမှု အခြေအနေ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ယွမ်/ကျပ်စာရင်းဖွင့်လှစ်မှု အခြေအနေ၊ ဘဏ်လမ်းကြောင်းအား မဖြစ်မနေသုံးစွဲရာတွင် ကြုံတွေ့ရသည့် မြေပြင်အခက်အခဲများ၊ ED ပို့ကုန်ရငွေအတွက် ကုန်သည်များ၏တင်ပြချက်များနှင့် ကုန်သည်များ၏ တင်ပြချက်အရ ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူးဗိုလ်မှူးချုပ်ရန်နောင်စိုးကယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေနိုင်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသောအခက်အခဲများကို မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဆောင်ရွက်သွားမည့် အခြေအနေ၊ ပြည်ပပို့ကုန်တင်ပို့မှု အခြေအနေနှင့် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေစနစ်အသုံး ပြု၍ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများ ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် BankofChinaHongKong Limited, YangonBranch ၊ Industrial and Commercial Bank of China Limited, Yangon Branch တို့က စမ်းသပ်ကာလ အတွင်းတွေ့ကြုံရသည့် အခက်အခဲများတင်ပြကြပြီးယွမ်/ကျပ်အတွက် ထပ်မံခွင့်ပြုချက်ရရှိသော CB Bank PCL ၊ ဧရာဝတီ ဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် ဘဏ်လေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန်ဦးစီးဌာန၊ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးကုန်သည်ကြီးများအသင်းနှင့် ကွမ်းလုံ- ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်းတို့မှ တာဝန်ရှိသူများက မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယွမ်/ကျပ် တိုက်ရိုက် အသုံးပြုပေးချေသုံးစွဲနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူးဗိုလ်မှူးချုပ် ရန်နောင်စိုးက ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု၍ ဘဏ်လမ်းကြောင်းအသုံးပြု ငွေပေးချေနိုင်ရန်ခွင့်ပြုခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုမိန့်ရဘဏ်များအဖြစ် မြန်မာ့စီးပွားရေးဘဏ်၊ ICBC,Yangon Branch နှင့် BOC ,Yangon Branch တို့ကိုခွင့်ပြုပေးခဲ့သည်။

ယွမ်/ကျပ်တိုက်ရိုက်အသုံးပြု၍ ငွေပေးချေမှုများ ဆောင်ရွက်ခွင့်ပြုရာ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေရန်၊ နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှုစနစ်များ လွယ်ကူချောမွေ့စေရန်၊အမေရိကန် ဒေါ်လာအပေါ် မှီခိုမှုလျှော့ချပြီး ဈေးကစားမှုကို တားဆီးနိုင်ရန်၊ နှစ်နိုင်ငံကုန်သွယ်မှု စာရင်းအချက် အလက်များရရှိစေခြင်းဖြင့် စီးပွားရေးဆိုင်ရာ စီမံချက်များချမှတ်နိုင်စေရန်နှင့်ပြည်တွင်းသုံးငွေကြေးများ သုံးစွဲမှုကို တိုးမြှင့်ဆောင်ရွက်စေရန် ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ပြီး မြေပြင် အကောင်အထည်ဖော် ဆောင်ရွက်မှုအခက်အခဲများ ကို ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီကဦးဆောင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၊ ကွမ်းလုံ-ဟိုပန်-ချင်းရွှေဟော်-လောက်ကိုင် နယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၊ ကုန်သွယ် ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။

တရုတ်-မြန်မာနယ်စပ်တွင် ယွမ်/ကျပ်ဖြင့် ဘဏ်လမ်းကြောင်းအသုံးပြု တိုက်ရိုက်ပေးချေမှု ဆောင်ရွက်ရာတွင် ကုန်သည်များ လျင်မြန်အဆင်ပြေစွာ အသုံးပြုနိုင်မှု ပိုမိုကျယ်ပြန့်စွာ မြှင့်တင်နိုင်စေ ရန် ခွင့်ပြုချက်ရဘဏ် (Designated Bank) များ အဖြစ် ပုဂ္ဂလိကဘဏ်များကို ထပ်မံတိုးချဲ့ခွင့်ပြုခြင်း ဖြစ်သည်။ ပုဂ္ဂလိကဘဏ်များကို ခွင့်ပြုရာတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့များ၌ ဘဏ်ခွဲရှိသည့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရပုဂ္ဂလိကဘဏ်များကို ခွင့်ပြုခြင်းဖြစ်ပြီး CB Bank PCL ၊ ဧရာဝတီဘဏ်၊ ယူအေဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့ဖြစ် ကြောင်း သိရသည်။

ယွမ်/ကျပ် တိုက်ရိုက်ငွေပေးချေမှုဆောင်ရွက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ်များ ကို အားဖြည့်ခွင့်ပြုပေးခြင်းဖြင့် ကုန်သည် များအနေဖြင့် ရွေးချယ်ဆောင်ရွက်စရာ ဘဏ်များရှိလာပြီး လုပ်ငန်းဆောင်ရွက်မှုများ မြန်ဆန်ချောမွေ့ လာမည်ဖြစ်သည်။

သတင်းစဉ်