Skip to main content

မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ စုပေါင်းသန့်ရှင်း အမှိုက်ကောက်လှုပ်ရှားမှု ဆောင်ရွက်

နေပြည်တော် ဧပြီ ၂

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် စုပေါင်းသန့်ရှင်း အမှိုက်ကောက်လှုပ်ရှားမှုကို ယနေ့ နံနက် ၇ နာရီတွင် ဆောင်ရွက်သည်။

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လုပ်ငန်းများဆောင်ရွက်မှုကို ၂၀၁၇ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပြုစာတွဲ (Nomination Dossier) (Complete) ကို ကမ္ဘာ့အမွေအနှစ် ကော်မတီ (World Heritage Committee) သို့ ပေးပို့ပြီးစီးခဲ့သည့် အဆိုပြုစာတွဲ (Nomination Dossier) ပါ ဆောင်ရွက်ချက် များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အအုံနှင့် နေရာများ ကောင်စီ (ICOMOS- International Council on Monuments and Sites) ၏ Technical Evaluation Team က လာရောက် စစ်ဆေးမည်ဖြစ်သည်။

ထိုသို့ စစ်ဆေးပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လခန့်တွင် ကျင်းပ မည့် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံတွင် ဆွေးနွေးဆုံးဖြတ် မည်ဖြစ်၍ မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင် ဖြစ်စေရေးအတွက် အဆိုပြုစာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှုလုပ်ငန်းစဉ် ဖြစ်သည့် ကမ္ဘာ့အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး လုပ်ငန်း စဉ်သည် အရေးပါသော လုပ်ငန်း စဉ်တစ်ရပ်ဖြစ်သည်။

သို့ဖြစ်ပါ၍ မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်စေရေး အဆိုပြု စာတွဲ (Nomination Dossier)ပါ စီမံခန့်ခွဲမှုအစီအစဉ်မှ တစ်ခုအပါအဝင်ဖြစ်သော ကမ္ဘာ့အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး လူထုပူးပေါင်းသန့်ရှင်း အမှိုက်ကောက် လှုပ်ရှား ဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းတွင် ဒေသခံ ပြည်သူများနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား ၅၀၀ ခန့် မြောက်ဦးယဉ်ကျေးမှုနယ်မြေ သျှစ်သောင်းဘုရား ဧရိယာတစ်ဝိုက်မှ ရတနာ ပုံကွင်း ဧရိယာအထိ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ စုပေါင်းအမှိုက်ကောက် လှုပ်ရှားမှုဆောင်ရွက်ရာသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးညိုမြင့်ထွန်း၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်ပါဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်