Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများ အား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၃,၀၁၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၀၄) ရာခိုင်နှုန်းရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၇,၆၈၂,၁၁၇) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၆၁၁,၈၀၉) ဦး ရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၁၀) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၈၉,၈၄၂) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ (၁)ဦး ရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၂) ဦး ရှိပါသည်။

• ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိ၍ ရောဂါဖြစ်ပွား/သေဆုံးမှုများအား မျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါ ကြောင့် သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။

• နိုင်ငံတကာခရီးသွားကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှုခံယူ ထားသူများအား ကမ္ဘာ့နိုင်ငံ အများစုမှ ကွာရန်တင်းဝင်ရောက်ရမှုမှ ဖြေလျော့ပေးခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြေလျော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။

• ကျန်းမာရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲဒေသများတွင် နေထိုင်သူများအပါအဝင် မည်သူတစ်ဦး တစ်ယောက်မှမကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ၊ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ကျောင်းသားများစသည့် ဦးတည်အုပ်စုအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး လျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးများနှင့် သွားရောက်ဆက်သွယ်၍ အကြိမ်ပြည့်ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။