ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်း မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၉၂၇၄ ဒသမ ၃၈ ဧကရှိသော နယ်မြေကို“အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၂၂)အရ ၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၁ ရက်(၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
“အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တော”ကို ဒေသတွင်းရှိ ရေမြေသဘာဝနှင့် ရာသီဥတုကို မျှတစေရန်၊ ဇီဝမျိုးစုံနှင့် ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်၊ ဒေသစိမ်းလန်း စိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင် ကို အထောက်အကူပြုနိုင်ရန်၊ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင်ရှိသော ကျေးရွာများကို လေမုန်တိုင်း တိုက်ခတ်ခြင်း၊ ဒီရေလှိုင်းရိုက်ခတ်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များဘေးမှ ဒီရေတောအပင်များဖြင့် တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးနိုင်ရန်၊ ဒီရေတော နယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက် တိရစ္ဆာန်များအတွက် ဘေးကင်းလုံခြုံ၍ တည်ငြိမ်သော ဂေဟစနစ်ကို ဖြစ်ပေါ်လာစေရန်နှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်ရန် ရည်ရွယ်၍ ဒီရေတောကြိုးပြင် ကာကွယ်တော အဖြစ် သတ်မှတ်ခြင်း ဖြစ်ပါသည်။
အစိမ်းရောင်တံတိုင်းဒီရေတော ကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ဒီရေတောအပင်မျိုးစိတ်များ ဖြစ်သည့် သမဲ့၊ ကန့်ပလာ၊ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ ကနစိုး၊ ကျနပင်များ ပေါက်ရောက်ပြီး ငါး၊ ပုစွန်၊ ကဏန်းတို့ ပေါက်ဖွားရာ နေရင်းဒေသများလည်းဖြစ်ပါသည်။ ငှက်ကြီး ဝန်ပို၊ ငှက်ကျား၊ မယ်သူတော်၊ ဗျိုင်း စသည့် ရေပျော်ငှက်များ ကျက်စားရာဒေသလည်း ဖြစ်ပါသည်။
ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ကာကွယ် ထိန်းသိမ်းလိုက်ခြင်းဖြင့် ဒီရေတောများ စနစ်တကျစီမံ အုပ်ချုပ်နိုင်ခြင်း၊ အစိမ်းရောင် သဘာဝတံတိုင်းတစ်ခုအဖြစ် ဒီရေတောများ ပေါ်ထွက်လာခြင်း၊ သစ်တောပြုန်းတီးမှု ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ သစ်တောဖုံးလွှမ်းမှုများ တိုးပွားလာ၍ ဂေဟစနစ်ဝန်ဆောင်မှုများ တိုးပွားလာခြင်း၊ ရာသီဥတုသာယာမျှတခြင်း၊ သား၊ ငါး၊ ပုစွန်များ ပေါကြွယ်ဝခြင်း၊ ဒေသခံပြည်သူများအတွက် သစ်၊ ထင်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်၍ ဒီရေတောကြိုးပြင် ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်း ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန