Skip to main content

မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့၌ Myanmar Automated Cargo Clearance System (MACCS) စနစ် ဧပြီ ၁ ရက်တွင် စတင်အသုံးပြုဆောင်ရွက်

နေပြည်တော် ဧပြီ ၁

မြန်မာ-တရုတ်နယ်စပ်ဒေသများဖြစ်သည့် မူဆယ် နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတို့၌ အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Myanmar Automated Cargo Clearance System (MACCS) စနစ်ကို ဧပြီ ၁ ရက်တွင် စတင်အသုံးပြုဆောင်ရွက်သည်။

အဆိုပါ နယ်စပ်ဒေသများ၌ MACCS စနစ် စတင် အသုံးပြု ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ခဲ့ရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ အကောက်ခွန်ဦးစီးဌာန ရုံးချုပ်မှ အရာရှိကြီးများ၊ မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်ဒေသ အကောက်ခွန်ဦးစီးဌာနမှ အရာရှိများ၊ စနစ်နှင့် ချိတ်ဆက်အသုံးပြုကြမည့် ကုန်သွယ်မှုဆက်စပ်ဌာန များမှ ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံအကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသ ကုန်သည်ကြီးများအသင်းနှင့် မူဆယ်နယ်စပ်ဒေသ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အဆိုပါ နယ်စပ်ဒေသများ၌ MACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် သွင်းကုန်/ ထုတ်ကုန်ရှင်းလင်း ရေးလုပ်ငန်းစဉ်များကို ယခင် Manual စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာမှ Automation စနစ်သို့ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုလွယ်ကူချောမွေ့ လာမည်ဖြစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ MACCS စနစ်ကို အဆိုပါ နယ်စပ်ဒေသများ၌ အောင်မြင်စွာ အသုံးပြုဆောင်ရွက် နိုင်ခဲ့ပါက ကျန်ရှိနေသေးသည့် အခြားနယ်စပ်ဒေသ များသို့ပါ ထပ်မံတိုးချဲ့ အသုံးပြုနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MACCS System စနစ်အသုံးပြုခြင်းနှင့် ပတ်သက်ပြီး မူဆယ် ၁၀၅ မိုင်မှ အကောက်ခွန် ညွှန်ကြားရေးမှူး ဦးဖေကြိုင်က “မူဆယ်နယ်စပ်ဒေသမှာ MACCS System ကို စတင်ကျင့်သုံးနိုင်ဖို့ အတွက် ၂၀၁၉ -၂၀၂၀ ခုနှစ်တွေမှာ ကြိုးစား လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ဒီစနစ်က ဂျပန် နည်းပညာပိုင်း အကူအညီနဲ့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စနစ် စတင်ကျင့်သုံးနိုင်အောင် လူတွေကို လက်တွေ့ ပြန်ပြီးလေ့ကျင့်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ လားရှိုးမြို့ မှာ သင်တန်းစင်တာထားပြီး Online ကနေ သင်တန်း ရှစ်ကြိမ်ခွဲပြီး သင်ကြားပို့ချခဲ့ပါတယ်။ ဘရိုကာတွေ၊ အေးဂျင့်တွေအနေနဲ့ အချိန်တိုအတွင်းမှာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အားသာချက်တွေ အများကြီးရှိပါတယ်။ အခွန်အကောက်ပေးဆောင်ရာ မှာလည်း ငွေသားကိုင်ဆောင်ပြီး လုပ်ရမှာမဟုတ်တဲ့အတွက် လုံခြုံမှုကအစ အားလုံးအဆင်ပြေကြမှာပါ။ ကုန်စည်ကို ပုံမှန်အတိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ စစ်ဆေးတဲ့အခါ ဝါ၊ စိမ်း၊ နီ ဆိုပြီး ချန်နယ် သုံးမျိုး ရှိပါတယ်။ အော်တိုမေးရှင်းစနစ်နဲ့ ဦးတည်လုပ်ရတဲ့ ရည်ရွယ်ချက်က စာရွက်စာတမ်းတွေ လျှော့ချခြင်း၊ ကုန်စည်ကူးသန်းမှုကို ယခင်ထက် ပိုမိုမြန်ဆန် ချောမွေ့စေခြင်း စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ခြင်းဖြစ်ပါတယ် ဟု ပြောသည်။

MACCS System အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ အေးဂျင့်တစ်ဦးက “ဒီလိုလုပ်တာ ကောင်းပါတယ်။ ရုံးတွင်းပိုင်းလုပ်ငန်းနဲ့ ကုန်သွယ်မှု ပိုပြီးမြန်ဆန် တာပေါ့။ အေးဂျင့်တွေအနေနဲ့ အဝါကတ် ရှိထားတဲ့ သူတွေပဲ လုပ်ခွင့်ရှိမှာဖြစ်တဲ့အတွက် လူအနည်းစု လောက်ပဲ အဆင်ပြေမယ်ထင်ပါတယ်။ ကုန်သွယ် ရေးကတော့ မြဝတီဘက်မှာလည်း ဒီစနစ်လုပ်ထား ပြီဆိုပါတယ်။ မူဆယ်မှာက အခုမှ စလုပ်ရတဲ့ အတွက် ပထမပိုင်းမှာ အနည်းငယ်တော့ အခက် အခဲရှိကြမယ်ထင်ပါတယ်။ နောက်တော့ တဖြည်း ဖြည်းနဲ့ အားလုံးအဆင်ပြေသွားကြမယ် ထင်ပါတယ် ဟု ပြောသည်။

သတင်းစဉ်၊ သန့်ဇင်(မူဆယ်)