နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ (၈၅) နှစ်မြောက် အဖွဲ့စတင်ဖွဲ့စည်းတည်ထောင်သောနေ့ (Foundation Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များ၊ သတ်မှတ်ချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစစ်အေး၊ ဦးဆန်းမြင့်နှင့် ဇနီး၊ ဒေါ်ခင်မျိုးမြင့်၊ ဦးရဲနိုင်နှင့် ဇနီး၊ ဦးစိုးတင့်နှင့် ဇနီး၊ သူရဦးဘိုနီနှင့် ဇနီး၊ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက အဖွဲ့နှစ်ပတ်လည် နေ့ အထိမ်းအမှတ် အမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်များကို ဆက်လက် ဆောင်ရွက်ရာ ဝဏ္ဏကျော်ထင်ဘွဲ့ နှင့် စီမံထူးချွန်တံဆိပ် (ပထမ အဆင့်) ရရှိသူများ၊ ဝန်ထမ်း လုပ်သက် နှစ် (၃၀) ပြည့်သူများကို ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများသို့ အမှတ်တရလက်ဆောင် ယူနီဖောင်းဝတ်စုံများ ချီးမြှင့်ခြင်း၊ အဖွဲ့အဆင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ များ၊ ရုံးလုပ်ငန်းလက်စွဲ ရေးဖြေစာမေးပွဲ ထူးချွန်ဆုရရှိသူဝန်ထမ်းများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် များတွင် ဖွင့်လှစ်သည့် သင်တန်းများ၌ သင်တန်းသားစံပြဆုနှင့် ထူးချွန်ဆုရရှိသူများ၊ နေပြည်တော် ဝန်ထမ်းအိမ်ရာများတွင် အိမ်ခန်း အလိုက် သန့်ရှင်းသပ်ရပ်မှု အကောင်းဆုံးဆု ရရှိသူများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ မီးငြှိမ်းသတ်စက် ကိုင်တွယ်အသုံးပြုခြင်း ကျွမ်းကျင်မှု စွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခြင်းနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနအဆင့် လွန်ဆွဲပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် လွန်ဆွဲ (အမျိုးသား) အသင်းအား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ဝန်ထမ်းများ ပျော်ပွဲရွှင်ပွဲ လှုပ်ရှားနေမှုများကို လိုက်လံကြည့်ရှု အားပေးကြပြီး ဗလာမပါကံစမ်းမဲများ ဖောက်ပေးသည်။ ညနေပိုင်းတွင် အခမ်းအနားသို့ တက်ရောက်လာကြ သော ဧည့်သည်တော်များကို ညစာဖြင့် တည်ခင်းဧည့်ခံကာ ဝန်ထမ်းများကို အထူးကံစမ်းမဲများ ဖောက်ပေးပြီး သီဆိုဖျော်ဖြေပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်