နေပြည်တော် ဧပြီ ၁
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ၂၀၂၂ ခုနှစ် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေ၊ လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ပြပွဲတက်ရောက်မည့် ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး အခြေအနေနှင့် ပြပွဲတွင်တင်ပြရောင်းချမည့် ကျောက်အတွဲများအတွက် ငွေပေးချေမှု အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်