Skip to main content

အကျိုးပြုစီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စိုက်ပျိုးရေးနှင့် ပတ်သက်၍ “သုတေသနပြုရုံနဲ့ မရဘူး။ တွေ့ရှိချက်တစ်ခုနဲ့ မရဘူး။ ဒါနောက်က ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဒီလိုသွားရမှာပေါ့။ နိုင်ငံတော်ကလုပ်မလား။ နိုင်ငံတော်က လုပ်မယ်ဆိုရင် နိုင်ငံတော်က ဘယ်လိုစီမံမလဲ။ ကျွန်တော်တို့မှာ ဘယ်လိုဖြစ်နေလဲဆိုတော့ သုတေသနတွေ့ရှိချက်တွေနဲ့ သရုပ်ပြတာတို့နဲ့ ပြီးသွားပြီး နောက်ကကျယ်ကျယ်ပြန့်ပြန့် လိုက်နိုင်ဖို့ကျတော့ အားလုံးပါမလာဘူး ဖြစ်နေတယ်။ အားလုံးက အပေါ်ကနေခိုင်းမှ၊ အပေါ်ကနေ လုပ်ပေးမှလုပ်မယ်ဆိုတဲ့ စိတ်ရှိတယ်။ ဒီလိုလည်းမဖြစ်စေချင်ဘူးဟု ပြောကြားခဲ့သည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အချို့ကိစ္စများတွင်အထက်က စေခိုင်းမှသာလုပ်ကိုင်တတ်သော အလေ့အထများပါလာခဲ့သည်။ လုပ်ကိုင်ဆောင်ရွက်ရာတွင်လည်း ပြီးလျှင်ပြီးရော သဘောမျိုးဖြင့် များသောအားဖြင့် လုပ်ကိုင်လာခဲ့သည်ကို တွေ့ခဲ့ရသည်။ စိုက်ပျိုးရေး လုပ်ငန်းများတွင် သာမက အချို့ကိစ္စများတွင်လည်း နိုင်ငံတော်အတွက်၊ အများအကျိုးအတွက် ကောင်းမွန်သော ကိစ္စများဖြစ်သော်လည်း ရေဆုံးမြေဆုံး ပြီးဆုံးအောင် ဆက်လက် လုပ်ကိုင်ခြင်း မရှိသောကြောင့် အပြသဘောမျိုးဖြင့် ရပ်တန့်နေသော ကိစ္စများ ရှိသည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပွင့်ပွင့်လင်းလင်း အသိပေး ထောက်ပြခဲ့သည်။

ကျွန်ုပ်တို့သည် နိုင်ငံတော်အတွက်၊ အများအကျိုးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သင့်သည်များ ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်သည်။ လှေနံဓားထစ် တာဝန်ကျေလျှင်ပြီးရော ဆောင်ရွက် တတ်သည့် အလေ့အထများကို ပြောင်းလဲကြရမည်ဖြစ်သည်။ ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် လက်တွေ့ကျကျထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားလျက် ရှိရာ အချိန်တိုကာလအတွင်း အခက်အခဲအနှောင့် အယှက်များကြားမှ ထိထိရောက်ရောက် အကောင်အထည်ဖော် နေကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကအားထားသောနိုင်ငံဖြစ်ပြီး နိုင်ငံသားအများစုသည် စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ကိုင်ဆောင်ရွက်ကြသည်။ နိုင်ငံတွင် စိုက်ပျိုးမြေ အလုံအလောက်ရှိပြီး စိုက်ပျိုးမြေကို ထိထိရောက်ရောက် အသုံးချစိုက်ပျိုးပါက နိုင်ငံဖွံ့ဖြိုး စီးပွားတိုးလာမည်မှာ ဧကန်ဖြစ်သည်။ စိုက်ဧကအားလုံးကို သီးထပ်စိုက်ပျိုးရန်အတွက် ရေမရသော နွေရာသီကာလတွင် စိုက်ပျိုးရေရရှိရေးကို နည်းပညာအသုံးပြု စိုက်ပျိုးမည်ဆိုပါက အထွက်တိုးကာ ပိုမိုအကျိုးဖြစ်ထွန်းလာမည်ဖြစ်သည်။ အထွက်နှုန်းတိုးရေးအတွက် မျိုးကောင်းမျိုးသန့်စိုက်ပျိုးရေးကို စနစ်တကျသုတေသနပြုပြီး ဖြစ်ထွန်းလာအောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံအတွက် အဓိကကျသည့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်နေသည်ကို အသိပေး ထောက်ပြခဲ့ပြီး ရေ၊ မြေသဘာဝအပေါ် မူတည်၍ မိမိတို့ဒေသနှင့်ကိုက်ညီသည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန်၊ မြစ်ရေတင်စီမံကိန်းများကိုလည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးကို အသုံးပြု ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက ရေရှားပါးသည့်ဒေသများဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင် နွေရာသီ၌ပါ စိုက်ပျိုးရေးလုပ်ငန်းကို ဆောင်ရွက်၍ရသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားအားထုတ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းပြောကြား ထားသည်။

သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ပြီး အထွက်တိုးလာပါက စိုက်ပျိုးရေးထုတ်ကုန် များကို စနစ်တကျ ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းလာမည်ဖြစ်သည်။ ပြည်ပသို့ စိုက်ပျိုးရေးထုတ်ကုန်များကို ပိုမိုတင်ပို့ပြီး သွင်းကုန်များကိုလည်း ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာမည်ဖြစ်သည်။ လက်ရှိတွင် စီးပွားရေး တွက်ခြေမကိုက်၍ လည်းကောင်း၊ စိုက်ပျိုးရေမရရှိ၍လည်းကောင်း၊ ဈေးကွက်ဝင်အောင် မစိုက်ပျိုး နိုင်၍လည်းကောင်း အကြောင်းအမျိုးမျိုးတို့ကြောင့် နိုင်ငံတစ်ဝန်းတွင် စိုက်ပျိုးမြေ အမြောက်အမြား ရှိသော်လည်း စိုက်ခြင်းပျိုးခြင်းမရှိဘဲ အဟောသိကံဖြစ်နေသော မြေယာများ အမြောက်အမြားရှိနေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ စိုက်ပျိုးရေးနိုင်ငံတွင် စိုက်ပျိုးရေးကဏ္ဍ မြင့်မားတိုးတက်လာအောင် အပြသဘောမျိုး မဟုတ်ဘဲ နည်းလမ်းအမျိုးမျိုးဖြင့် လက်တွေ့ဖြန့်ကြက် အားထည့် ဆောင်ရွက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်မှာကြားသည့်အတိုင်း စိုက်ပျိုးမြေ အလုံအလောက်ရှိသည့် မြန်မာနိုင်ငံ၌ စိုက်ပျိုးမြေများအား လက်တွေ့ကျကျအသုံးချ၍ နိုင်ငံအကျိုးစီးပွားဖြစ်ထွန်း လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။