နေပြည်တော် ဧပြီ ၁
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်း အဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် စောဒန်နီ ယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကိုနှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေး ရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက မကြာမီ သင်္ကြန်ကာလ ရောက်ရှိမည်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကို သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်ကမ်း ချက်များနှင့်အညီ ခွင့်ပြုထား ရှိပြီး ဖြစ်သဖြင့် ဝန်ကြီးဌာနများအနေဖြင့်လည်း စနစ်တကျလိုက်နာ ဆောင်ရွက်သွားရန်လို အပ်ပါကြောင်း။
ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ မြို့များ၊ ကျေးရွာများကို ဖွံ့ဖြိုးတိုးတက်ရန်အတွက် သေချာဂရုတစိုက် ဝိုင်းဝန်းဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီးအကဲက မူဝါဒချမှတ် ထားပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ လုပ်ဆောင် နေရသည့် အခန်းကဏ္ဍများကို ဆွေးနွေးတင်ပြရန် လိုအပ်ပါကြောင်း၊ ယခုကာလသည် နွေရာသီဖြစ်သည့်အတွက် ဝန်ကြီးဌာနများ အပါအဝင် မိမိတို့တစ် နိုင်ငံလုံး မီးဘေးအန္တရာယ် ကို သတိထားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း တောမီးလောင်မှုအပါအဝင် သစ်တောပြုန်းတီးမှု ၁၆ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ကြောင့် ယခုတည်ရှိနေသည့် သစ်တောများကို ထိန်းသိမ်းရမည့်အပြင် တစ်အုပ်တစ်မ စိုက်ခင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ မကြာမီ မိုးရာသီကာလအတွင်း နိုင်ငံနှင့်အဝန်း စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၌ သဘာဝဘေးနှင့် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲ အကျိုးဆက်များကို ဟန့်တားနိုင်ရန် အစီအစဉ်ကောင်းများဖြင့် စီမံဆောင်ရွက်ထားရှိ ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အစည်းအဝေးအမှတ်စဉ် (၃ /၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးရဲတင့်၊ ဦးဝင်းရှိန် အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့် အမှာစာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာကြ သည့် အမှာစာကိစ္စရပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေးသို့ ဆက်လက်တင်ပြရန်ကိစ္စရပ်များနှင့် ကော်မတီ၏အဆုံး အဖြတ်ဖြင့် ဆောင်ရွက် ရန်ကိစ္စရပ်များကို အတည်ပြုသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းက တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီ၏ ယခင်အစည်းအဝေးများတွင် ကော်မတီဝင် များက အထွေထွေတင်ပြဆွေးနွေးချက်များအပေါ် အစည်းအဝေးဆုံးဖြတ်ချက် ပါဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါက်တာအောင်ကြီး၊ ဦးမင်းထိန်၊ ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူများက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပြည်သူ့ ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင် မှုရေး ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။
ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)