Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြစ်ကြီးနားတက္ကသိုလ် ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး‌ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင်  မြစ်ကြီးနားတက္ကသိုလ်သို့ သွားရောက်၍ တက္ကသိုလ်အတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားတက္ကသိုလ်ရှိ သုတေသနစင်တာသို့ သွားရောက်ကြည့်ရှု၍  မေ(၁၂) ရက်တွင် တက္ကသိုလ်အသီးသီး၌ ဘာသာရပ်အစုံ၊ အတန်းစုံ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမြဲမပြတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ်၏ သင်ကြားသင်ယူမှုများ၊ စီမံရေးရာကိစ္စရပ်များ ပိုမိုတိုးတက် ကောင်းမွန်ရေးအတွက် စုပေါင်းအင် အားဖြင့် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ယူမှုဝန်းကျင်ကောင်းတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့တက္ကသိုလ်အတွင်း သန့်ရှင်းသာယာရေး၊ စိမ်းလန်း စိုပြည်ရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးတို့အတွက် ဆရာဆရာမများအားလုံး ဝိုင်းဝန်း လက်တွဲဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မကြာမီတက္ကသိုလ်များ ပြန်လည်ဖွင့်မည်ဖြစ်၍ မြစ်ကြီးနားတက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ ကျောင်းသား/သူအိပ်ဆောင်များနှင့် အားကစားရုံများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)