Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သတင်းပြန်ကြားရေး ကောင်တာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

နေပြည်တော် ဧပြီ ၁

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသော သတင်းပြန်ကြားရေး ကောင်တာဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိ ကြီးများပါဝင်တက်ရောက်ကြပြီး၊ တိုင်းဒေသကြီး/ ပြည်နယ် ရုံးခွဲများမှ တာဝန်ခံများ၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သတင်းပြန်ကြားရေးကောင်တာများသည် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များအတွက် လိုအပ်သောဝန်ဆောင်မှုနှင့် သတင်းအချက် အလက်များ ပေးစွမ်းနိုင်သည့်အပြင် မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝန်ကြီးဌာန၏ အသက်သွေးကြော တစ်ခုလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတကာ ခရီးသွား ဧည့်သည်များအနေဖြင့် ခရီးစဉ်ဒေသအကြောင်းနှင့် ၎င်းတို့ သိရှိလိုသည်များအား သတင်းပြန်ကြား ရေးကောင်တာများသို့ သွားရောက်၍ စုံစမ်းမေးမြန်းလေ့ရှိရာ ကောင်တာရှိ ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက် များအား ပြီးပြည့်စုံစွာ ဖြေကြားနိုင်ရန်နှင့် ဝန်ဆောင်မှုကောင်းများ ပေးစွမ်း နိုင်ရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ကြီးဌာနက သတင်းပြန်ကြားရေး ကောင်တာများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ စွမ်းဆောင်ရည်တိုးတက်ရေး အတွက် လုပ်ငန်းစွမ်းဆောင်ရည် သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊

သတင်းပြန်ကြားရေးကောင်တာများတွင် ခရီးသွားဧည့်သည်များအတွက် သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ အွန်လိုင်းမှ ရှာဖွေနိုင်စေရန် ဝက်ဘ်ဆိုဒ် (website)၊ ဒစ်ဂျစ်တယ် ဆိုင်းနိစ်ပ့် (Digital Signage)၊ အော့ဖ်လိုင်းအနေဖြင့် လက်ကမ်းစာစောင်များ၊ ခရီးသွားမြှင့်တင်ရေး ကြော်ငြာစာစောင်များ၊ မြေပုံများနှင့် အခြားဆက်စပ်ပစ္စည်းများကို ခရီးသွားဧည့်သည်များ ရယူသုံးစွဲနိုင်ရေးအတွက် လုံလောက်စွာထားရှိကြရန် လိုအပ်ပါကြောင်း၊ သင်တန်းဖွင့်လှစ် သင်ကြားပေးရာတွင် သင်တန်းသား/ သင်တန်းသူများ အမှန်တကယ် သင်ယူတတ်မြောက် နိုင်ရေးအတွက် သင်တန်းနည်းပြများအနေဖြင့်လည်း ကြိုးစားသင်ကြားလေ့ကျင့်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက သတင်းပြန်ကြားရေး ကောင်တာများ၏ အရေးပါမှု၊ ကောင်တာများတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် အရေးကြီးမှုနှင့် ခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ အကြုံပြုတင်ပြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာ (၃၅) ခုတို့တွင် တာဝန်ထမ်းဆောင်မည့် သင်တန်းသား/ သင်တန်းသူ (၈၂) ဦးကို အင်္ဂလိပ်ဘာသာစကား၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အထွေထွေ ဗဟုသုတများ၊ သတင်းအချက် အလက်နှင့် နည်းပညာအသုံးပြုမှု ဘာသာရပ်များကို အွန်လိုင်းမှ တစ်ဆင့် ရက်သတ္တပတ်(၂)ပတ်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)