Skip to main content

အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများ ကျင်းပ

နေပြည်တော်   မတ်   ၃၁

(၁၃) ကြိမ်မြောက်  အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်ရှာဖွေဖော်ထုတ်ရေး၊ ကြီးကြပ်ရေးနှင့် စစ်ဆေးအကဲဖြတ်ရေးကော်မတီ   အစည်းအဝေး (13th ASEAN Tourism Resourcing, Monitoring and Evaluation Committee Meeting) ကို ယနေ့နံနက် ၁၀ နာရီတွင်  ဘရူနိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လက်ခံကျင်းပသည်။

အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံက ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ဒုတိယဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ ခေါင်းဆောင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေး

အစည်းအဝေးတွင် အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၅) အရ စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းချက်များ အရ အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများအပေါ် စောင့်ကြည့်လေ့လာ အကဲဖြတ်ရေးစနစ် ရေးဆွဲအကောင်အထည်ဖော်ရေး၊ ၂၀၂၂ ခုနှစ်အတွက် ရန်ပုံငွေရရှိသုံးစွဲမည့် အခြေအနေများ၊ အာဆီယံခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအတွက် မိတ်ဖက်အဖွဲ့အစည်းများထံမှ ရန်ပုံငွေရရှိနိုင်မည့် အခြေအနေများနှင့် အဆိုပါပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်လိုသည့် ပြင်ပမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏  အဆိုပြုချက်များကို စိစစ်ဆောင်ရွက်မည့် လမ်းညွှန်ချက်မူကြမ်း ရေးဆွဲထားရှိမှုကို ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အာဆီယံခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သော (၁၃) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းရည် မြှင့်တင်ရေးကော်မတီ အစည်းအဝေးကို မတ် ၂၉ ရက်တွင် လည်းကောင်း၊ (၂၇) ကြိမ်မြောက် အာဆီယံ ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို မတ် ၃၀ ရက်တွင် လည်းကောင်း၊ (၁၃) ကြိမ်မြောက် အာဆီယံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အလုံးစုံပါဝင်သော ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးကော်မတီ အစည်းအဝေးကို မတ် ၃၁ ရက်တွင် လည်းကောင်း  ကျင်းပခဲ့ပြီး    အာဆီယံ ခရီးသွားလုပ်ငန်းမဟာဗျူဟာ အစီအစဉ် (၂၀၁၆-၂၀၂၅) လုပ်ငန်းအစီအစဉ်များအရ  အကောင်အထည်ဖော်ဆောင်မည့် အခြေအနေများ၊ အာဆီယံခရီးသွားလုပ်ငန်း စျေးကွက် မြှင့်တင်ရေး ဆောင်ရွက်နေမှု၊ အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နေမှုကို ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။                    

သတင်းစဉ်