Skip to main content

ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ကူညီဆောင်ရွက်

နေပြည်တော်   မတ်   ၃၁

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်နေသော အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  သမဝါယမနှင့်  ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ် နေသော သွင်းအားစုဖြစ်သည့် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်ဝသည့် ယူရီးယားမြေဩဇာအား ဈေးနှုန်းသက်သာစွာဖြင့် အချိန်မီဖြန့်ဖြူးရောင်းချနိုင်ရေး စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊   မြေဩဇာတင်သွင်းမှု အတွေ့အကြုံရှိပြီး တောင်သူများ   ဝယ်ယူသုံးစွဲ လိုသော    အမှတ်တံဆိပ်တင်သွင်းသည့်   အခြားကုမ္ပဏီများနှင့်လည်း ပူးပေါင်း၍   Consortium အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်ဝသော ယူရီးယားမြေဩဇာများ အား တောင်သူများလက်ဝယ်သို့ စိုက်ပျိုးရာသီအမီ ရောက်ရှိစေရေးအတွက်  သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယူရီးယားမြေဩဇာများ  အချိန်မီဖြန့်ဖြူးနိုင်ရေးနှင့် မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆွေးနွေး ပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော် က ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချမှု စီမံချက် နှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာနိုင်ငံမျိုးစေ့၊ မြေဩဇာနှင့်   စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းမှ ကိုယ်စားလှယ်တစ်ဦးက ဖြန့်ဖြူးရောင်းချသွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တက်ရောက်လာကြသူများက မိမိတို့ သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက Consortium အဖွဲ့များအနေဖြင့် ယူရီးယားမြေဩဇာများအား ပြင်ပပေါက်ဈေးထက်   တောင်သူများ   ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက်အမြတ် မယူ၊ အရှုံးမရှိစနစ်ဖြင့် အကျိုးအမြတ်ကို ဝန်ဆောင်စရိတ်ကာမိရုံ အနည်းဆုံးသတ်မှတ်၍ ကူညီဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်