နေပြည်တော် မတ် ၃၀
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက်ပိုင်းတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော် မှ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။
အစည်းအဝေးသို့ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် ဘင်းမ်စတက်အတွင်း ရေးမှူးချုပ်တို့ တက်ရောက်သည်။
အစည်းအဝေးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံမှ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (H.E. Gotabaya Rajapaksa) က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အခြားဘင်း မ်စတက် အဖွဲ့ဝင်နိုင်ငံများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များက မိန့်ခွန်းများ ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ထိပ်သီးအစည်း အဝေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်စား ပါဝင်တက်ရောက်ရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ ယခု ပဉ္စမအကြိမ် မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေးသည် ဘင်းမ်စတက် ပဋိညာဉ်စာတမ်းနှင့် အခြားအရေးကြီးသော သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် သမိုင်းတွင်မည့် မှတ်တိုင်တစ်ရပ်ကို စိုက်ထူနိုင် သည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ပေး ခဲ့သည့် အိမ်ရှင်သီရိလင်္ကာနိုင်ငံကို ချီးကျူးဂုဏ်ပြုကြောင်း၊ ယခုကဲ့သို့ ဘင်းမ်စတက် ပဋိညာဉ် စာတမ်းကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခြင်းသည် ဘင်းမ်စတက်အဖွဲ့ကြီးအား စည်းမျဉ်း စည်းကမ်းကို အခြေပြုသည့် အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိစေခဲ့ကြောင်း၊ ဘင်းမ်စတက် ပဋိညာဉ် စာတမ်းသည် အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု၊ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်မှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန် အလှန်လေးစားမှုနှင့် တူညီဆန္ဒ အပါအဝင် လက်ရှိကျင့်သုံးလျက်ရှိသည့် ဘင်းမ်စတက်၏ မူဝါဒများကို ထပ်လောင်း အတည်ပြုထားကြောင်း၊ အချုပ်အခြာအာဏာ တန်းတူရည်တူရှိမှု ဆိုင်ရာမူဝါဒသည် အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရာ၌ အပြန်အလှန် စိတ်ချယုံကြည် မှုနှင့် အပြန်အလှန်နား လည်ပေးနိုင်မှုကို တိုက်ရိုက်ချိတ်ဆက်ဖြစ်ပေါ်စေ ကြောင်း၊ ကမ္ဘာ့စီးပွားရေးကျဆင်းနေချိန်တွင် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံခုနစ်နိုင်ငံ၏ စုစည်း ညီညွတ်မှုဖြင့် “ဒေသတွင်း ကြံ့ကြံ့ခံနိုင်စွမ်းရှိမှု”ကို အခိုင်အမာ တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်မိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်မှုဝါဒသည် လူသားမျိုးနွယ်စုအား လုံးအတွက် လက်မခံနိုင်သည့်ကိစ္စ ဖြစ်ကြောင်း၊ မည်သူကဖြစ်စေ၊ မည်သည့်နေရာ တွင်ဖြစ်စေ၊ မည်သည့်အတွက်ကြောင့် ဖြစ်စေ လုပ်ဆောင်လာသည့် အကြမ်းဖက်မှုဟူသမျှကို မလွဲမသွေရှုတ်ချ ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဘင်းမ်စတက်၏ “အပြည်ပြည် ဆိုင်ရာ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့မှုခင်းနှင့် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကွန်ဗင်းရှင်း” သက်ဝင်လာခြင်းနှင့် ယခုထိပ်သီးအစည်း အဝေးတွင် “ရာဇဝတ်မှုခင်းဆိုင်ရာ ကိစ္စရပ်များ၌ ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန် အကူအညီပေးမှု ဘင်းမ်စတက်ကွန်ဗင်းရှင်း” ကို လက်မှတ်ရေးထိုးနိုင်မှုတို့ကို ကြိုဆိုကြောင်း၊ လာမည့်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ထိုင်းနိုင်ငံကိုလည်း ဂုဏ်ယူ ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်း အဝေးသို့ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည့် အဖွဲ့ဝင်နိုင်ငံအကြီး အကဲများက ဘင်းမ်စတက်ပ ဋိညာဉ်စာတမ်းကို လက်မှတ်ရေးထိုးကြ ပြီး လက်မှတ်ရေးထိုးထားသည့် စာမျက်နှာကို တီဗွီဖန်သားပြင်တွင် ပြသသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး ထားသည့် စာမျက်နှာကို အခြားအဖွဲ့ဝင်နိုင်ငံများမှ အကြီးအကဲများ ပြသချိန်တွင် တစ်ပြိုင်တည်း ပြသခဲ့သည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ရာဇဝတ်မှုခင်းဆိုင်ရာကိစ္စရပ် များ၌ ဥပဒေပိုင်း အပြန်အလှန် အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက် ကွန်ဗင်းရှင်း၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ သံတမန်သင်တန်း ကျောင်းများအကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာနှင့် ဘင်းမ်စတက် နည်းပညာလွှဲပြောင်းရေး အဆောက် အအုံတည်ထောင်ရေး နားလည်မှုစာချွန်လွှာတို့ကိုလည်း အတည်ပြုလက်မှတ်ရေးထိုး ခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သုံးခုကို မြန်မာနိုင်ငံ ကိုယ်စား သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူက ကိုလံဘိုမြို့၌ ကိုယ်တိုင် တက်ရောက်လက်မှတ်ရေးထိုးသည်။
အဆိုပါအစည်းအဝေးတွင် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများနှင့် ကဏ္ဍခွဲများ ပြင်ဆင်သတ်မှတ်သည့် လုပ်ငန်းစဉ်နှင့် ဘင်းမ်စတက် ပို့ဆောင်ဆက်သွယ်မှုမြှင့် တင်ရေး စီမံချက် တို့ကို အတည် ပြုခဲ့သည်။ ဘင်းမ်စတက်ဖွဲ့စည်းပုံအသစ်အရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ၌ ဦးဆောင်နိုင်ငံ အဖြစ် တာဝန်ယူမည်ဖြစ်သည်။
အစည်းအဝေးတွင် သီရိလင်္ကာနိုင်ငံသမ္မတ ဂိုတာဘာယာ ရာဂျာ ပက်ဆာက ဘင်းမ်စတက် ဥက္ကဋ္ဌရာထူးကို အလှည့်ကျနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ (H.E. General Prayut Chan-o-cha (Retd) )ထံသို့ လွှဲပြောင်းပေးအပ်သည်။
အစည်းအဝေးအပြီးတွင် ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး ကြေညာစာတမ်းကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်