Skip to main content

(၇၇)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ပိုစတာကြီးများ စိုက်ထူထားပြီး တပ်မတော်ပန်းခြံများတွင် မီးအလှများ၊ ပန်းအလှများဖြင့် အလှဆင်

နေပြည်တော် မတ် ၂၉

(၇၇)နှစ်မြောက်  တပ်မတော်နေ့ကို  ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ  ဘောဂသီရိ အဝေးပြေးကားဝင်းအနီးရှိ မီးပွိုင့် လမ်းဆုံတွင်လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင်  လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင် လည်းကောင်း၊  ပင်လောင်းမီးပွိုင့် လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်း အတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။

အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြ ကွင်းကြီးသို့သွားရောက်သည့် လမ်းတစ်လျှောက် တွင်လည်း တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် စိုက်ထူထားပြီး စစ်ရေးပြ ကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။ စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ (၇၇)နှစ် မြောက်တပ်မတော်နေ့ တံဆိပ်ကြီးကိုလည်းကောင်း၊ ပန်းအလှများဖြင့်ခြယ်သထားပြီး စစ်ရေးပြကွင်းကြီး အတွင်းတွင်လည်း ဗမာ့လွတ်လပ်ရေးတပ်မတော် အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ ရောင်စုံအလံများကိုလည်း လွှင့်ထူထားသည့် အပြင် မီးထွန်းညှိထားသည့် တပ်မတော်နေ့ မီးရှူးတိုင်ကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။

ထို့အပြင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံနှင့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များတွင်  အသုံးပြုသည့် ယာဉ်ယန္တရားပုံစံငယ်များ၊   ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များနှင့် လက်နက်ပုံစံတူများကို   ပြသထားသည်။  ပန်းခြံ အတွင်း ဖိုင်ဘာဖြင့်ပြုလုပ်ထားသည် စစ်သည်ရုပ်တုငယ်များ၊ ပုံဖော်ထားသည့် ပန်းအလှများ၊ သစ်ပင်များ တွင် တပ်ဆင်ထားသည့် မီးရောင်စုံများဖြင့် ပြုလုပ် အလှဆင်ထားရှိရာ ယနေ့တွင် လာရောက် အပန်းဖြေ လည်ပတ်ကြသူများဖြင့်   အထူးစည်ကားလျက်ရှိ သည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တော်လှန်ရေးပန်းခြံတွင်လည်း မုခ်ဦးများ၊ ပန်းအလှပင်များ၊ (ကြည်း၊ ရေ၊ လေ)တံဆိပ်၊ သမိုင်းဝင်စစ်ထွက် သပြေပင်နှင့် မြင်းချည်တိုင်သပြေပင်တို့တွင် မီးအလှများ ဆင်ထားပြီး (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မီးအလှများ၊ မီးရှူးတိုင် အလှမီးများ၊ တင့်ကားပုံ၊ စစ်ရေယာဉ်ပုံ၊ ရဟတ် ယာဉ်ပုံ၊ တပ်မတော်သုံးအမြောက်ပုံများကို မီးအလှ ဆင်ပြီး ထွန်းညှိထားရှိသည်။ ထို့ပြင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌လည်း မီးရောင်စုံများ၊ မီးအလှများဖြင့်ထွန်းညှိ၍ ဂုဏ်ပြုအလှဆင်မှုများ ပြုလုပ်ထားရှိရာ အဆိုပါနေရာများသို့ ယနေ့တွင် လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့်   အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်