Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုစာတမ်းဖတ်ပွဲ ဒုတိယနေ့အခမ်းအနား ဆက်လက်ကျင်းပ

နေပြည်တော် မတ် ၂၉

ပြည်ထောင်စုစာရင်းစစ်ချုပ်  ဒေါက်တာကံဇော် သည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ  ကျင်းပသည့်   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှစ်ပတ်လည်နေ့အထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲ ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်သည်။

စာတမ်းများဖတ်ကြား

စာတမ်းဖတ်ပွဲ ဒုတိယနေ့တွင် စာတမ်း ရှစ်စောင်ကို တင်သွင်းဖတ်ကြားခဲ့ရာ လုပ်ငန်းအကောင်အထည်ဖော်မှု စစ်ဆေးရေး လုပ်ငန်းစဉ်အပေါ် စိစစ်သုံးသပ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်း အကောင်အထည် ဖော်မှုအပေါ် စစ်ဆေးတွေ့ရှိချက်များ ခေါင်းစဉ်ဖြင့် လည်းကောင်း၊   ပြင်ပလုပ်ငန်းများ     လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုရာတွင် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ စာချုပ်ပါစည်းကမ်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၈-၂၀၂၂ မဟာဗျူဟာ စီမံချက်အပေါ် အကောင်အထည်ဖော်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ASEANSAI ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရည်အသွေး တာဝန်ခံသော စစ်ဆေးရေးလုပ်ငန်းစဉ်များဖြစ်စေရေး  (Quality Assurance Report)  ခေါင်းစဉ်ဖြင့်လည်းကောင်း စာတမ်းများဖတ်ကြားခဲ့ကြပြီး စာရင်းစစ်ဆေးခြင်း၊ အစီရင်ခံခြင်းဆိုင်ရာ နယ်ပယ်ကြီး သုံးခုနှင့် အာဆီယံ စာရင်းစစ်ချုပ်ရုံးများနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးသည့် စာတမ်းများအပေါ် တက်ရောက်သူများက မေးမြန်း ဆွေးနွေးခဲ့ကြသည်။          

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံအကျိုးပြု၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ကောင်းမွန်မှန်ကန် စေရေးအတွက် သုတေသနပြု စာတမ်းဖတ်ကြား တင်ပြခြင်းဖြင့် အနာဂတ်စာရင်း စစ်ဆေးခြင်းလုပ်ငန်းများကို ပိုမိုအရည်အသွေးပြည့်ဝပြီး အာမခံချက် မြင့်မားလာစေရန် ကြိုးစားဆောင်ရွက် ကြရန်လိုကြောင်း နိဂုံးချုပ်စကားပြောကြားသည်။

စာတမ်းဖတ်ပွဲ ပထမနေ့နှင့် ဒုတိယနေ့တွင် တင်သွင်းခဲ့သည့် စာတမ်း ၁၅ စောင်မှ ပထမ၊ ဒုတိယ၊  တတိယဆုများ အတွက် စာတမ်း သုံးစောင်ကို ရွေးချယ်၍ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်