၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရေမြေတောတောင် သဘာဝအလှရှုခင်းများ၊ သမိုင်းဝင်အမွေအနှစ် အဆောက် အအုံများဖြင့် တင့်တယ်လှပလျက်ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွား များကပါ စဉ်ဆက်မပြတ် လာရောက် လေ့လာလျက်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိခဲ့ခြင်းဖြစ်ပါသည်။
၂။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရန် အထောက်အကူပြုသည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွား မည်ဟု ပါရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက် ကောင်းမွန်စေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပါသည်။
၃။ ပြည်တွင်းပြည်ပခရီးသွားများအား သတင်းမီဒီယာများမှတစ်ဆင့် ဖိတ်ခေါ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စားသည့် အထင်ကရနေရာများအနက်မှ တစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်ဂုတ်ထိပ် တံတားသို့ နိုင်ငံကျော် အနုပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ကို ပို့ဆောင်၍ မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
၄။ ထိုသို့ မှတ်တမ်းဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေး အနုပညာရှင်အဖွဲ့များ လိုက်ပါစီးနင်းလာသော မီးရထားစက်ခေါင်းအမှတ် DF-2078 ၊ ရထားအမှတ် DDUEZ 12370 လူစီးအထက် တန်းတွဲ ၂ တွဲ၊ ရိုးရိုးတန်းတွဲ ၁ တွဲ၊ ဘရိတ်တွဲ ၁ တွဲ ပါဝင်သည့် မီးရထားသည် ၂၉.၃.၂၀၂၂ ရက်နေ့တွင် ဂုတ်ထိပ် တံတားမှ ပြင်ဦးလွင်ဘူတာသို့ ပြန်လည်ထွက်ခွာခဲ့ရာ ဂန့်ဂေါနှင့် ဆင်လမ်းစုကျေးရွာအကြားသို့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်အရောက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ရီမုတ်မိုင်းတစ်လုံးဖြင့် အဝေးမှ နှောင့်ယှက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
၅။ ရေမြေသယံဇာတ တောတောင်သဘာဝ အလှအပများ၊ သမိုင်းဝင် အထိမ်းအမှတ်များကို အကြောင်းပြု၍ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်နေသည့် ယခုလိုအချိန် အခါကာလမျိုးတွင် အကြမ်းဖက်သမားများအနေဖြင့် အဖျက်အမှောင့် လုပ်ငန်းများအား နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ ယခုကဲ့သို့သော ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးမှုများကို လုပ်ဆောင်နေခြင်းတို့အား နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများနှင့်အတူ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)က ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)