Skip to main content

တရားမဝင် စားသောက်ကုန်၊ လုပ်ငန်းသုံးပစ္စည်းများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၉

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ မတ် ၂၅ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန် သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးဆောင်သော ပူးပေါင်းအဖွဲ့များက သတင်းအရ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်တွင် တရားမဝင် ရွှေတူးဖော်မှု လုပ်ဆောင်ထားမှုများနှင့်အတူ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ရေစုပ်စက်အင်ဂျင် မျိုးစုံ၂၈ လုံး၊ ရေခရုမျိုးစုံ ၂၃ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး ပလနနယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မတ် ၂၆ ရက်တွင် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တာလေမြို့နယ်အတွင်း ကင်းလှည့်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျိုင်းလပ်- ပါလျှိုး- တာလေလမ်းကြောင်းတွင် သုံးဘီး မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင် သယ်ဆောင်လာသော ထိုင်းနိုင်ငံထုတ် Leo Beer ဖာ ၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ   တင်ဆောင်လာသော သုံးဘီး မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က သတင်းအရ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်တိုင်အမှတ် ၉၆ မိုင်(၅)ဖာလုံအနီး ရှောင်ကွင်းလမ်းတွင် (လိုင်စင်မဲ့) Hino အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ  မတ် ၂၈  ရက်တွင်  ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကရင်ပြည်နယ်   ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ  ဆောင် ရွက်ခဲ့ရာ ၁၂ ဘီး   ကုန်တင်ယာဉ်တစ်စီးပေါ်၌ တင် သွင်းခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင် ခြင်းမရှိဘဲ  တင်ဆောင်လာသည့် တရားမဝင် Used Diesel Generator,625 KVA တစ်လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၅၀၀၀၀၀)၊  Used Diesel Generator,200 KVA တစ်လုံး(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan အမျိုးအစား ၁၂ ဘီး  ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန် ဖိုးငွေကျပ် ၆၆၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းမှ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် မူဆယ်-လားရှိုး လမ်းပိုင်းတွင် ကင်းလှည့်စစ်ဆေးစဉ် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းအနီးရှိ စံလောင်းကျေးရွာအနီး ရှောင်ကွင်းလမ်းဘေးတွင် သတ္တုဟုယူဆရသော အစိုင်အခဲများ ထည့်ထားသည့် အိတ် ၁၂ အိတ်-(592 Kg)၊ (ခန့်မှန်းတန်ဖိုးကျပ် ၅၉၂၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး  အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း အကောက်ခွန် စစ်ဆေးရေးစခန်းတွင် တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၁၅၄၄၁၈) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့သည် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် အတွင်း လိုင်စင်မဲ့ TOYOTA LANDCRUISER အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)နှင့် HONDA WAVE – 110 အမျိုးအစား ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၁၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်/သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၂၅ ရက်၊  ၂၆ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၆၆၂၄၄၁၈)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်