Skip to main content

၄-၃-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယမန်နေ့မှအဆက်

နေပြည်တော်    အွန်လိုင်းသတင်းအေဂျင်စီမှ    အယ်ဒီတာ ဦးမင်းမောင်က နိုင်ငံတစ်နိုင်ငံတိုးတက်ရန်အတွက် အရေးကြီးဆုံး ကိစ္စရပ်များအနက် တစ်ခုဖြစ်သည့် စွမ်းအင်ကိစ္စရပ်ကို ရေရှည် စီမံကိန်း၊ ရေတိုစီမံကိန်းဆောင်ရွက်မှု အခြေအနေများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် မည်ကဲ့သို့ဆောင်ရွက်ထား ရှိသည်ကို အသေးစိတ်သိရှိလိုကြောင်း မေးမြန်းသည်။

လျှပ်စစ်မီးကိစ္စ

ဗိုလ်ချုပ် ဇော်မင်းထွန်းက လျှပ်စစ်မီးကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု၏ ပြောသံဆိုသံ၊ ပဲ့တင်သံများကို မိမိတို့  ကြားသိရကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း သိပါကြောင်း၊ ကြားလည်း ကြားပါကြောင်း၊ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ ယင်းကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မေးမြန်း ချက်များ၊ သက်ဆိုင်ရာကြိုးပမ်းဆောင်ရွက်နေသူများနှင့် မေးမြန်းချက်များနှင့် မိမိတို့ဆောင်ရွက်နေမှုအပေါ် အခြေခံ၍ ဖြေကြားသွား မည်ဖြစ်ကြောင်း၊ ထိုသို့ဖြေကြားရာတွင် ယခုသတင်းစာရှင်းလင်းပွဲ ကိုကြည့်ရှုနေသည့် ပြည်သူလူထုများနှင့်  သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းသည့် မီဒီယာများအားလုံးကို သိစေလိုသည်မှာ မိမိတို့ အမှန် တကယ်လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကို  တင်ပြခြင်း ဖြစ်ကြောင်း၊ မီးမလာသဖြင့် အစိုးရတွင်  တာဝန်မရှိ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်မရှိဟု လွှဲချနေခြင်းမဟုတ်သည်ကို ဦးစွာပြောကြား လိုကြောင်း၊  မိမိတို့အနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် ပတ်သက်၍ လက်ရှိထုတ်လုပ်နိုင်သည့် ပမာဏအရ လိုအပ်ချက်နှင့် အညီ သုံးစွဲနိုင်ရန်အတွက်  ဝန်အားထိန်းညှိခြင်း၊ လျှော့ချခြင်းများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှစ၍ အချိန်ပိုင်းအလိုက် နေရာအလိုက် လျှော့ချခွဲဝေဖြန့်ဖြူးခြင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား   တိုးမြှင့်ထုတ်လွှတ်နိုင်ရေး   စီမံဆောင်ရွက်မှု အနေဖြင့် ကျောက်ဖြူဒေသ၌  လက်ရှိကာလတွင်   ရရှိထားသည့် ရွှေဓာတ်ငွေ့ ကုဗပေ သန်း ၂၀ ကို အသုံးပြု၍  စုစုပေါင်းလျှပ်စစ် ဓာတ်အား  ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်ထားပြီးဖြစ်ကြောင်း၊ ဓာတ်ငွေ့ ပိုက်လိုင်းတိုးချဲ့ပြုပြင်ရေး ဆောင်ရွက်လျက်ရှိရာ ပြီးစီးပါက တစ်ရက် လျှင် ကုဗပေ သန်း ၃၀ တိုးချဲ့ဖြန့်ဖြူး၍ ၁၉၅ မဂ္ဂါဝပ် ထပ်မံတိုးချဲ့ ထုတ်လုပ်နိုင်ရေး  စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊   လက်ရှိ တည်ဆောက်နေသည့် ၁၃၅ မဂ္ဂါဝပ် ကျောက်ဖြူသဘာဝဓာတ်ငွေ့ နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကိုလည်း ဆောလျင်  စွာပြီးစီးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစီမံကိန်း ပြီးစီးပါက လက်ရှိဖြစ်ပေါ်နေသည့် ယာယီဓာတ်အားလျော့နည်းနေမှုကို ဖြေရှင်းနိုင်မည့်အပြင် ထပ်မံလိုအပ်လာမည့် ဓာတ်အားကိုလည်း ပြန်လည်ဖြည့်တင်းနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင် ထိုနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဖြစ်ကြောင်း၊ ထို့အပြင် စွမ်းအင်အရင်းအမြစ်မျိုးစုံ  လိုအပ်လျက် ရှိသည့်အတွက် လျှပ်စစ်ဓာတ်အား အမြန်ဆုံး ဖြည့်ဆည်းထုတ်လုပ် ပေးနိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊   ယင်းသို့ ဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း အနေဖြင့် ၄၀ မဂ္ဂါဝပ်ထွက်ရှိမည့် လက်ပန်လှစီမံကိန်းနှင့် ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် ညောင်ပင်ကြီးစီမံကိန်းတို့တွင် တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ထိုစီမံကိန်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ ထက်ဝက်ကျော်  ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆိုလာလျှပ်စစ်နှင့် ပတ်သက်ပြီး ယခင်အစိုးရလက်ထက်က ခွင့်ပြုခဲ့သည့် စီမံကိန်းများရှိကြောင်း၊ သို့သော် ထိုစီမံကိန်းများကို စာချုပ်ချုပ်ဆိုရာတွင် မတိကျမသေချာခဲ့သောကြောင့် ဆက်လက် မလုပ်ဆောင်နိုင်သည့် စီမံကိန်းများရှိကြောင်း၊ ယခုလက်ရှိအစိုးရ အနေဖြင့် တွန်းအားပေးကူညီပံ့ပိုး၍ လုပ်ဆောင်နေသည်များလည်း ရှိကြောင်း၊ ယင်းနေအား လျှပ်စစ်စီမံကိန်းတွင် ၆၃၅  မဂ္ဂါဝပ်ထွက်ရှိ မည့်စီမံကိန်း ၁၈ ခုကို တင်ဒါခေါ်ဆိုခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ ၃၀ မဂ္ဂါဝပ်ထွက်ရှိမည့် စီမံကိန်း ၁၁ ခုမှာ တင်ဒါခေါ်ဆိုခြင်းပြီးစီးပြီဖြစ်သောကြောင့် ဓာတ်အား ဝယ်ယူရေး စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေအားလျှပ်စစ်နှင့်ပတ်သက်၍ ပြောရမည်ဆိုပါက တာပိန် ၁ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား  ၁၂၀  မဂ္ဂါဝပ်ကို  ဝယ်ယူနိုင်ရေးညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဘီလူးချောင်းမှ ထွက်ရှိသည့် လျှပ်စစ် ဓာတ်အား ၂၂၀ မဂ္ဂါဝပ်ကိုလည်း   နိုင်ငံတော်ဓာတ်အားစနစ်သို့ ပြန်လည်ပို့လွှတ်နိုင်ရေးအတွက်  ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်း ၃ လိုင်း၏ တာဝါတိုင် ၂၂ တိုင်ကို ပြင်ဆင်ခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထိုလုပ်ငန်းများကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျက်ဆီးခံရသည့် ဓာတ်အား လိုင်းများ အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် မေလတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို  ပြည့်မီစွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော်လည်း ယခုထက် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး ပေးနိုင်မည်ဖြစ်သကဲ့သို့ ဝန်အားလျှော့ချခြင်းကိုလည်း အနည်းငယ် သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ LNG ဈေးနှုန်း ကျဆင်းချိန်တွင် ရပ်နားထားသည့် LNG ဓာတ်အားပေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  ရေရှည်အနေဖြင့် အလယ်ပေါင်းလောင်းလျှပ်စစ်စီမံကိန်း၊ အထက်ရဲရွာလျှပ်စစ်စီမံကိန်း၊ သူဌေး လျှပ်စစ်စီမံကိန်း တို့အပြင် အခြားရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလတ်တလောတွင် လျှပ်စစ်မီးကို အချိန်နှင့်ပေးသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု၏ အကြံပြုချက်များနှင့် စကားသံများကို ကြားသိရကြောင်း၊ ပြည်သူလူထု အနေဖြင့် လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းကို မည်သူမျှမလိုလားကြောင်း၊ မလွှဲသာ၍ ပြတ်တောက်မည်ဆိုပါက ဖြတ်တောက်မည့် အချိန်အတိအကျကို သိလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထမင်း ဟင်းချက်ပြုတ်ရာတွင် လျှပ်စစ်မီးဖြတ်တောက်မည့်အချိန်ကို မသိရှိရသဖြင့် ထမင်းအိုးပျက်စီးမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖြစ်မည်ကို စိုးရိမ်သဖြင့် တိကျသည့်အချိန်ကို လိုချင်ကြောင်း၊ မနက်မည်သည့်အချိန်မှ မည်သည့်အချိန်ထိ မီးပျက်မည်၊ မည်သည့်အချိန်တွင်  မီးလာမည်၊ ညမည်သည့်အချိန်မှ မည်သည့်အချိန်ထိ မီးပျက်မည်၊ မည်သည့်အချိန်တွင် မီးလာမည်ကို ၎င်းတို့က တိတိကျကျ သိလိုကြောင်း၊ ထိုကဲ့သို့ အချိန်အတိအကျ ဖြစ်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြည်သူများအား အချိန်တိကျစွာ ထုတ်ပြန်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

နေပြည်တော်အွန်လိုင်းသတင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင် က လောင်စာဆီဈေးနှုန်းများ လျော့ကျနိုင်ရေး အတွက် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင်မှုအခြေအနေများနှင့် ရေရှည်စီမံကိန်း၊ ရေတိုစီမံကိန်းများဖြင့် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို ပြည်သူများ သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အသေးစိတ် ရှင်းလင်းပေးစေလိုကြောင်း မေးမြန်းသည်။

စက်သုံးဆီဈေးနှုန်း

ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်သုံးဆီဈေးနှုန်းမြင့်တက်မှုမှာ ကမ္ဘာ့ရေနံဈေးနှုန်းနှင့်လည်း သက်ဆိုင်ကြောင်း၊ တစ်ကမ္ဘာလုံး၌လည်း ဈေးနှုန်းတက်နေကြောင်း၊ ယင်းသို့ပြောဆိုရာတွင် ဈေးနှုန်းနှိုင်းယှဉ် ချက်များရှိကြောင်း၊ မိမိတို့နိုင်ငံ၏ ဈေးနှုန်းနှင့် အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့်  အင်ဒိုနီးရှားနိုင်ငံတို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံ၏ ဈေးနှုန်းထက် မြင့်မားနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အမေရိကန်တွင် တစ်ဂါလန်ဈေးနှုန်းအနေဖြင့် မည်မျှရှိနေပြီဖြစ်ကြောင်း စသည်ဖြင့် ပြောဆို၍ရကြောင်း၊ ပြောလည်းပြောနိုင်ကြောင်း၊ သို့သော် ၎င်းတို့ နိုင်ငံရှိ လူတစ်ဦးချင်းစီ၏ဝင်ငွေနှင့် မိမိတို့နိုင်ငံရှိ လူတစ်ဦးချင်းစီ၏ ဝင်ငွေမတူညီကြောင်း၊  မိမိတို့နိုင်ငံမှာ  လူတစ်ဦးချင်းစီ၏ ဝင်ငွေ လျော့နည်းသည့် နိုင်ငံဖြစ်သောကြောင့် အကျိုးသက်ရောက်မှုအပေါ် ခံစားရမှုခြင်း  မတူညီကြောင်း၊  အကောင်ကြီးကြီးကို   တုတ်ဖြင့် ရိုက်ခြင်းမှာ  သိပ်ပြဿနာမရှိသော်လည်း အကောင်သေးသေးကို တုတ်ဖြင့်ရိုက်ပါက အကောင်းသေးသေးက   ပို၍ခံစားရကြောင်း၊ မိမိတို့လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များကိုသာ ပြောမည်ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် ဈေးကွက်စီးပွားရေးစနစ်အရ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ဥပဒေနှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များအား လွတ်လပ်စွာဆောင်ရွက် ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ဌာနအနေဖြင့် ဈေးနှုန်း၊ သယ်ယူစရိတ်နှင့် အာမခံကြေး၊ အခွန်အခနှင့် ကုန်ကျမှုစရိတ် ပေါင်း၍ စက်သုံးဆီအမျိုးအစား တစ်မျိုးချင်းအလိုက် ဖြစ်သင့်ဖြစ်ထိုက်သည့် ရည်ညွှန်းစက်သုံးဆီဈေးနှုန်းကို နေ့စဉ်စိစစ်တွက်ချက် ထုတ်ပြန် ပေးလျက်ရှိကြောင်း၊  သက်ဆိုင်ရာလုပ်ငန်းရှင်များ   အနေဖြင့်လည်း ယင်းရည်ညွှန်းဈေးနှုန်းများအပေါ်တွင် အခြေခံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊  ဆက်လက်၍လည်း  ထပ်မံကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် အမြတ်ရာခိုင်နှုန်းလျှော့ယူရန်နှင့် ဈေးနှုန်းတွက်ချက်သည့်အခါတွင် မဖြစ်မနေ ထည့်သွင်းတွက်ချက်ရမည့် စရိတ်စကများမှအပ အခြား လျှော့ချနိုင်သည့် စရိတ်စကများကို လျှော့ချနိုင်ရန်နှင့် အနည်းဆုံး ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ပြည်တွင်းငွေလဲလှယ်နှုန်းနှင့် ပတ်သက်ပြီး ပြောရမည်ဆိုပါက ဈေးနှုန်း လျော့ကျစေရေးအတွက် အထိုက်အလျောက်ထောက်ပံ့ပေးနိုင်ရန် စက်သုံးဆီကဏ္ဍ ကို ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာများ ရောင်းချပေးပြီး ပြည်သူများ အတွက် စက်သုံးဆီများကို သက်သာသည့် အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ခွဲဝေပေးလျက်ရှိကြောင်း၊ ဝယ်ယူခွင့်ရရှိသည့်  လုပ်ငန်းရှင်များ၏ အရောင်းဆိုင်များကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ဆက်လက် ရောင်းချပေးမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရေနံနှင့်စက်သုံးဆီ များကို သက်သာသည့်ဈေးနှုန်းများဖြင့် တင်သွင်းခွင့်ရရှိရေး ရရှိနိုင် သည့်နိုင်ငံများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိစ္စမှာ မဖြစ်ပေါ်သေးခင် ပြော၍ရသည့်ကိစ္စ မဟုတ်သည့်အတွက် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး ဖြစ်အောင်လုပ်မည် ဖြစ်ကြောင်းကိုသာ  ပြောကြားလိုကြောင်း  ပြန်လည်ဖြေကြား သည်။

Golden Hand သတင်းဌာနမှ သတင်းထောက် ဦးမြင့်ဇော်ထွန်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံ အသနားခံစာများ၊ တိုင်ကြားစာများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မည်မျှကျန်သည်ကို သိလိုကြောင်းနှင့် အသနားခံစာတိုင်ကြားသည့် ကာယကံရှင်အား ခေါ်ယူပြီး စစ်ဆေးမေးမြန်းခြင်း ရှိ/ မရှိ သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုကိစ္စနှင့်ပတ်သက်ပြီး အသနား ခံစာများ၊ တိုင်ကြားစာများရှိကြောင်း၊ အရေအတွက်ကို မိမိတို့ မသိကြောင်း၊ အဓိကအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကိုသာ  တိုင်ကြားစာများ ရောက်ရှိခြင်းဖြစ် ကြောင်း၊ ယင်းကိစ္စများကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ တိုင်စာများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရမည်ဆိုပါက သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်    ပြည်နယ်အစိုးရများတွင် ပြန်လည်လုပ်ဆောင်ပေးရန်  ညွှန်ကြားထားကြောင်း  ပြန်လည် ဖြေကြားသည်။

ကျူးကျော်ကိစ္စ

Golden Hand သတင်းဌာနမှ သတင်းထောက်   ဦးမြင့်ဇော်ထွန်း က ကျူးကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊  ၂၀၂၁  ခုနှစ် နှစ်ကုန်ပိုင်းခန့်ကစပြီး ယခုအချိန်ထိ ကျူးကျော်များကို ရှင်းလင်းခြင်း များ ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ စတင်ရှင်းလင်းခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လမ်းမကြီးများနှင့် ပေ ၅၀၊ ၇၅ ပေ အကွာအဝေး အတွင်းရှိ လမ်းဘေးဝဲယာမှ မလွတ်သည့် နေရာများကို ရှင်းလင်းကြောင်း၊ အဆိုပါကျူးကျော်အိမ်များကို ယခင်အာဏာပိုင်အဖွဲ့အစည်းများက တားမြစ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်း၊  ပြည် - ရွှေတောင်၊ မိုင်တိုင် ၁၇၀ အနီးရှိ ဘဏ်တစ်ခုဆိုလျှင် လမ်းဘေးတွင်ထီးတည်းချည်း ကျန်ရှိနေကြောင်း၊ ဘဏ်ဆိုသည်မှာ တော်ရုံတည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ အဆိုပါ ဘဏ်ကဲ့သို့သော  အဆောက်အဦများ ဆောက်လုပ်မည်ဆိုပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှ ခွင့်ပြုချက်များ ရယူရကြောင်း၊ ခွင့်ပြုချက်မရရှိပါက ဆောက်လုပ်၍မရကြောင်း၊ ဥပဒေမညီ၊ ဆောက်လုပ်ရန် မသင့်တော်ပါက ထိုစဉ်ကပင် သက်ဆိုင်ရာက တားမြစ်ခဲ့ခြင်း ရှိ/မရှိ သိလိုကြောင်းနှင့် ထိုအဆောက်အဦဆောက်လုပ်စဉ် ခွင့်ပြုခဲ့သည့် အဖွဲ့အစည်းများကို အရေးယူခြင်းရှိ/မရှိ သိလိုကြောင်း၊ တချို့ကျူးကျော်ရှင်းလင်းသည့် နေရာများတွင် သတ်မှတ်သည့်ပေထက်ပိုပြီး ရှင်းလင်းခဲ့ခြင်းများရှိကြောင်း၊ နစ်နာသူများလည်းရှိကြောင်း၊ ဒေသခံအာဏာပိုင်အဖွဲ့ အစည်းများက ကြိုတင်အသိပေးထားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် ထိုကိစ္စများကို ဖြေရှင်းပေးရန် ရှိ၊ မရှိနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးသွားမည်ကို သိလိုကြောင်းမေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျူးကျော်သည့်ကိစ္စနှင့် ပတ်သက်ပြီး မိမိတို့ ဆောင်ရွက်ထားကြောင်း၊ အဓိက ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျူးကျော်နေရာများကို တရားဥပဒေနှင့်ပတ်သက်ပြီး ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ရှင်းလင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးအစိုးရ မဟုတ်သည့်အတွက် ရှင်းရဲခြင်းဖြစ်ကြောင်း၊ မဲပေးပြီး တက်လာသည့်အစိုးရတိုင်းသည် ကျူးကျော်နှင့်ပတ်သက်လာလျှင် အကုန်လက်ရှောင်ကြောင်း၊ ထိုကိစ္စအတွက် ၎င်းတို့ကို အပြစ်ပြော၍ မရကြောင်း၊ ၎င်းတို့မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ရမည်ဖြစ်သောကြောင့်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံရေးအစိုးရ မဟုတ်သည့်အတွက် တရားဥပဒေစိုးမိုးရေးကို အလေးပေး၍ ရှင်းလင်းခြင်း ဖြစ်ကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်ပြီး မြို့နယ်အလိုက် အသေးစိတ်ဖြေဆိုနိုင်ခြင်းမရှိကြောင်း၊ ဖြစ်စဉ်များကြည့်ပြီးသာ ဖြေဆိုမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

Sky Net သတင်းဌာနမှ သတင်းထောက် ကိုသွင်ထူးအောင်က အာဆီယံအထူးကိုယ်စားလှယ်နှင့်တွေ့ဆုံစဉ် မည်သည့်ထူးခြားချက် များရှိခဲ့သည်ကို သိလိုကြောင်းနှင့် မည်သည့်ကိစ္စများ ဆွေးနွေးခဲ့သည်ကို  သိလိုကြောင်း၊ ထို့အပြင်  အာဆီယံအထူးကိုယ်စားလှယ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့တွေ့ဆုံစဉ် အာဆီယံဘုံ သဘောတူညီချက် (၅)ချက်ကို ဖော်ဆောင်ရာ၌ မြန်မာဦးဆောင်သည့် မြန်မာ့လုပ်ငန်းစဉ်ဖြစ်ရမည်ဟု ပြောကြားခဲ့သည်ကိုလည်း တွေ့ရကြောင်း၊ မြန်မာ့လုပ်ငန်းစဉ်ဟူသည့်  ခေါင်းစဉ်အောက်၌ မည်သည့်အချက်နှင့် မည်ကဲ့သို့သော အဓိပ္ပာယ်များပါဝင်သည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးရာတွင် အကြမ်းဖက်မှုများ ရပ်တန့်စေရေးကိစ္စရပ်များနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို အဓိက အလေးပေး၍ အချိန်ယူဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် အာဆီယံအထူး ကိုယ်စားလှယ်၏ မူရင်းပြောကြားချက်ကို ပြောပြရမည်ဆိုပါက ၎င်း အနေဖြင့်   ယခုတာဝန်ကို  ထမ်းဆောင်ရာတွင်  သမာသမတ်ရှိရှိဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာ၍ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ သတင်းထောက်ကြီး မေးမြန်းခဲ့သည့် မေးခွန်းများ၏အဆက်များမှာ အဆိုပါကိစ္စများသာ ဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင်လည်း ဘုံသဘောတူညီချက်(၅)ရပ်အပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဦးဆောင်သည့် မြန်မာ့လုပ်ငန်းစဉ် ဖြစ်ရမည်ဟု ပြောခြင်းဖြစ်ကြောင်း၊ အတိုချုံး၍ ပြောရမည်ဆိုပါက အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအနေဖြင့် မိမိနိုင်ငံ၏ ကံကြမ္မာကို မိမိဖန်တီးခွင့်ရှိကြောင်း၊ အဆိုပါစကားကို မိမိသဘောဖြင့်ပြောခြင်း မဟုတ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းတွင် ဖော်ပြထားသည့် စကားလုံးဖြစ်ကြောင်း၊ အဆိုပါစာတမ်းတွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံများအနေဖြင့် မိမိကံကြမ္မာကို မိမိဖန်တီးခွင့်ရှိသည်ဟု အတိအလင်း ဖော်ပြထားကြောင်း၊ ထို့ကြောင့် အထက်ပါ ကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် အခြားတစ်ဦးတစ်ယောက်ပြဋ္ဌာန်းပေးသည့် မည်သည့်ပြဋ္ဌာန်းချက်ကိုမျှ လိုက်နာဆောင်ရွက်ရန်မလိုကြောင်း၊ မြန်မာနိုင်ငံ၏ မြန်မာ့လုပ်ငန်းစဉ် အတိုင်းသာ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ အဆိုပါကိစ္စများ ကို လက်ရှိအစိုးရအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များရှိပြီးဖြစ်ကြောင်းနှင့် ထိုလုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များအတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှေ့ဆက်သွားမည့်လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များဖြစ်ကြောင်း၊ ရှေ့ဆက်သွားမည့် အမျိုးသား ရေးလုပ်ငန်းစဉ်(၂)ရပ်၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုလည်း ယခုသတင်းစာရှင်းလင်းပွဲ အစောပိုင်းတွင် မိမိပြောခဲ့ပြီး ဖြစ်ကြောင်း၊ ထိုလုပ်ငန်းစဉ်များမှာ မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်သွားမည့်  မြန်မာ့လုပ်ငန်းစဉ်များဖြစ်ကြောင်း၊  ထိုသို့ လုပ်ဆောင်ရာတွင် မိမိတို့အစိုးရ၏ ယုံကြည်ချက်နှင့် ခံယူချက်မှာ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟု ခံယူထားကြောင်း၊ ထို့ကြောင့် ပြည်တွင်းအားကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအားကို တည်ဆောက်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့လမ်းစဉ်ဖြစ်ရမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Sky Net သတင်းဌာနမှ သတင်းထောက် သွင်ထူးအောင်က စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းနှင့် အထွေထွေကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် လုပ်ငန်းများကျပ်တည်း၍ စားဝတ်နေရေးများ ခက်ခဲလာကြောင်း၊ ပြည်သူများ စီးပွားရေးချောင်လည်၍ ဝင်ငွေတိုးစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း၊ လျှပ်စစ်မီးကို အချိန်ခွဲ၍ပေးနေရာမှ အချိန်ပြည့် မီးရရှိရေးအတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်းနှင့် ထိုကဲ့သို့ အချိန်ပြည့် မီးရရှိနိုင်ရေးမည်ကဲ့သို့ စီမံဆောင်ရွက်ပေး နေသည်ကို သိလိုကြောင်း ဆက်လက်မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက လျှပ်စစ်မီးကိစ္စကို ယခုသတင်းစာ ရှင်းလင်းပွဲ၏ အရှေ့ပိုင်းတွင် မိမိပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ မေလခန့်အထိ ယခုအခြေအနေအတိုင်း ဆက်လက်ဖြစ်နေမည့် အနေအထား ရှိကြောင်း၊ သို့သော် မီးပြတ်သည့်အချိန် တိကျစေရန်နှင့် မီးပြတ်ချိန်ကို နည်းနိုင်သမျှအနည်းဆုံးဖြစ်စေရန်  ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် ရိုက်ခတ်မှုများ ရှိကြောင်း၊ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး စရိတ်များ ကြီးမြင့်လာကြောင်း၊ စက်သုံးဆီနှင့် ပတ်သက်၍ လုပ်ဆောင်မည့်အကြောင်း အရာများကိုလည်း  အစောပိုင်းက မိမိဖြေကြားပြီးဖြစ်ကြောင်း၊ စက်သုံးဆီနှင့်ပတ်သက်ပါက မိမိတို့လုပ်ဆောင်နိုင်သည့် နည်းလမ်း များအားလုံးကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပြည်ပမှ တင်သွင်းနိုင်ရန်အတွက်လည်း ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အသေးစိတ်ကို ကြိုတင် ပြောရန်မရှိကြောင်း၊ မိမိတို့က ကြိုတင်၍ အသေးစိတ်ပြောမည်ဆိုပါက အခြားလုပ်ငန်းများကို ထိခိုက်နိုင်သောကြောင့်  မပြောခြင်း  ဖြစ် ကြောင်း၊ မိမိတို့အနေဖြင့် အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းစနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ရေတင်စိုက်ပျိုးမှုများအတွက် စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုနှင့် ဓာတ်မြေဩဇာဈေးနှုန်း ကြီးမြင့်မှုများကိုလည်း ပြေလည်စေရေးစီမံကိန်းချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

Cohesion News Agency မှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက “ကျွန်မတို့” ဟူသည့်  နာမ်စားကို   သုံးစွဲသွားမည်ဖြစ်ကြောင်း၊ “ကျွန်မတို့” ဆိုသည်မှာ မြန်မာနိုင်ငံအပေါ် သစ္စာရှိသောလူများနှင့် တပ်မတော်အပေါ် အကြွင်းမဲ့ယုံကြည်အားကိုးသည့် ပြည်သူများကို ကိုယ်စားပြုသည့် စကားဖြစ်ကြောင်း၊ အစိုးရတစ်ရပ်အပေါ်  အလွန် အကျွံယုံကြည်ခြင်းကို ချင့်ချိန်တွေးတောနေရပါကြောင်း၊ လူတစ်ဦး တစ်ယောက်ကို ပုံအပ်ပြီး စုံလုံးကန်းခဲ့ခြင်းကြောင့် ဗိုလ်ချုပ်ပြောခဲ့ သကဲ့သို့ နီပိန်း၊ နီပိတ်များဖြစ်လာရပါကြောင်း၊ “ကျွန်မတို့”သည် တပ်မတော်ဟူသည့် အဖွဲ့အစည်းကြီးကိုအလွန်အကျွံ ယုံကြည် အားကိုးမိသည့်အတွက် စစ်ပိန်း၊ စစ်ပိတ်ဟု  ပြောခံရလျှင်လည်း ကျေကျေနပ်နပ်ကြီးခံယူသွားမည်ဖြစ်ကြောင်း၊ “ကျွန်မတို့” အတွက် တပ်မတော်ကလွဲပြီး  ယုံကြည်အားကိုးစရာ  လုံးဝမရှိပါကြောင်း၊ အားကိုးမှာလည်းမဟုတ်ပါကြောင်း၊ ပထမဆုံးမေးခွန်းအနေဖြင့် CDM များကို လွယ်လွယ်ကူကူ အလုပ်ပြန်ခန့်ခဲ့သည့်အတွက် အပြုံးမပျက်ရုံးတက်ခဲ့ရသည့် နိုင်ငံ့ဝန်ထမ်းများ စိတ်အားငယ်ခဲ့ရပါကြောင်း၊ မင်းသားမင်းသမီးများ ဥပဒေအထက်ကို ရောက်သွားသည့်အတွက် ဥပဒေနှင့်အညီ နေထိုင်နေသည့်သူများ စိတ်မကောင်းဖြစ်ခဲ့ရပါကြောင်း၊ ယခုလည်း ကျောင်းခေါ်ချိန်မပြည့်မီသည့်သူများကို စာမေးပွဲဖြေဆိုခွင့်ပေးခဲ့သည့်အတွက် ခြိမ်းခြောက်ခြင်းများကြားတွင် အသက်နှင့် လဲကာ ကျောင်းပို့၊ ကျောင်းတက်ခဲ့ရသည့် ကျောင်းသားများနှင့် မိဘများ  စိတ်ပျက်နေကြရပါကြောင်း၊   အိမ်စောင့်အစိုးရအပေါ် ယုံကြည်အားကိုးနေသည့် “ကျွန်မတို့” ပြည်သူများ၏ မျက်ရည်များ ကိုမည်သည့်အချိန်တွင် သုတ်ပေးနိုင်မည်ကို သိလိုပါကြောင်း၊ ဆက်စပ် မေးခွန်းအနေဖြင့် ဆန်၊ ဆီ၊ ဒီဇယ်၊ ရွှေ၊ ကုန်ဈေးနှုန်းများနှင့် ဒေါ်လာ ဈေးနှုန်းများကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အပြင် တရားဥပဒေ ၏ အကျိုးသက်ရောက်မှုကလည်း မလွှမ်းမိုးနိုင်သေးပါကြောင်း၊ အိမ်စောင့်အစိုးရ၏ နိုင်ငံသူ၊ နိုင်ငံသားများအပေါ် အသက်အိုးအိမ် စည်းစိမ်အတွက် မည်သည့်အချိန်ခန့်တွင် အာမခံချက် ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းသည်။

မင်းသား မင်းသမီးကိစ္စ

ဗိုလ်ချုပ် ဇော်မင်းထွန်းက မင်းသား၊ မင်းသမီးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့ကို လွှတ်ပေးလိုက်သည့် အချိန်တွင်လည်း မိမိတို့ ပြောပြီးဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ပါဝင်နိုင်ရေးအတွက် ပြောခဲ့ခြင်းလည်း ရှိကြောင်း၊ မိမိတို့ အနေဖြင့် ၎င်းတို့ကိုခံဝန်ထိုး၍ လွှတ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်သူများကိုလည်း ခံဝန်ထိုးပြီး လွှတ်ပေးခြင်းသာဖြစ်ကြောင်း၊ စာမေးပွဲနှင့် ပတ်သက်ပြီး ခြိမ်းခြောက်ခံရမှု သတင်းဖြစ်စဉ်များကိုလည်း မိမိတို့ ကြားသိရပါကြောင်း၊ ကျောင်းခေါ်ကြိမ်မပြည့်ဘဲ စာမေးပွဲလာဖြေသည့် ကိစ္စများ၊ CDM ဝန်ထမ်းများက ခြိမ်းခြောက်သည့် ကိစ္စများကိုလည်း သိရပါကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျောင်းခေါ်ကြိမ်မပြည့်ဘဲ စာမေးပွဲဖြေဆိုသည့်ကိစ္စများသည် တချို့ကိစ္စများ မှန်သင့်သလောက်မှန်ပြီး တချို့မှာ ပုဂ္ဂိုလ်ရေးကိစ္စများ ပါဝင်နေကြောင်း၊ ယခင်ကမူ ကျောင်းမတက်ရန် ဆန့်ကျင်ခဲ့ကြောင်း၊ သို့သော် ကျောင်းတက်ပြီး စာမေးပွဲဖြေကြကြောင်း၊ ယင်းကိစ္စများကို လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့်ပတ်သက်ပြီး ပြည်သူလူထုပါဝင်သည့် ပြည်သူ့ကာကွယ်ရေးစနစ်  ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် လက်တွေ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးစနစ် ပါဝင်သည့်  ပြည်သူ့စစ်ဖွဲ့စည်းထားသည့် ကျေးရွာများအနေဖြင့် ထိခိုက်နစ်နာမှုများ ရှိသင့်သလောက်ရှိကြောင်း၊ ထိခိုက်နစ်နာမှု များနှင့် ပတ်သက်ပြီး  သက်ဆိုင်ရာတိုင်းဒေသကြီး၊   ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ  ကိုယ်တိုင်သွားရောက်ပြီး   ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး မည်သည့်အချိန်တွင် အာမခံချက်ပေးနိုင်မည်ဟု ပြောရန်ခက်ကြောင်း၊ မည်သည့်နိုင်ငံမျှ ၁၀၀ ရာခိုင်နှုန်း လုံခြုံရေးအာမခံချက်မရှိကြောင်း၊ တတ်နိုင်သမျှ တည်ငြိမ်အေးချမ်းစေရန်နှင့် တရားဥပဒေစိုးမိုးစေရန် အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

(ဆက်လက်ဖော်ပြပါမည်)