နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ယမန်နေ့မှအဆက်
ဧရာဝတီမြစ်အနောက်ဘက် လမ်းပိုင်းများဖြစ်သည့် ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းနှင့် အရှည်မိုင် ၃၂၀ ဖြစ်သည့် ကြံခင်း-ပခုက္ကူလမ်းပိုင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုဖြင့် မြန်မာ့မီးရထားက မကြာမီအဆင့်မြှင့်တင်ပြုပြင်သွား မည်ဖြစ်ကြောင်း၊ ယနေ့တွင် ပြည်တော်သာ- စစ်တွေ-ရေချမ်းပြင်ရထားလမ်းပိုင်း RBE ရထားပြန်လည်ပြေးဆွဲပါကြောင်း၊ မနက်ဖြန်တွင် မန္တလေးသရဲဈေး မြို့ပတ်ရထားလမ်းကို ပြန်လည်ပြေးဆွဲသွားမည်ကို အသိပေး လိုပါကြောင်း ပြောကြားကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ်တွင် ကျိုင်းတုံမြို့ မြို့မိ၊ မြို့ဖများ ဌာနဆိုင်ရာများနှင့် တွေ့ဆုံစဉ်ပညာရေးနှင့် ပတ်သက်ပြီး ပြောကြားခြင်းရှိကြောင်း၊ ပညာတတ်များပေါကြွယ်ဝခြင်းသည် ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ရန်နှင့် တိုင်းပြည်၏ အနာဂတ်ကောင်းကို ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် အောင်မြင်တိုးတက်သည့် နိုင်ငံများကိုကြည့်လျှင် နိုင်ငံ၏ ပညာရေးစနစ်နှင့် ၎င်းပညာရေးစနစ်မှ ထွက်ပေါ်လာသည့် လူ့စွမ်းအားအရင်းအမြစ်များ၏ ပညာရည်အဆင့်မြင့်မားမှုတို့ကို တွေ့ရမည် ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို အလေးပေးဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရေး အတွက် အခက်အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပညာရေးနိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့မှုရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းရင်းသားဒေသ အချို့တွင် ဘာသာစကား အခက်အခဲများနှင့် အခြားသော သွားလာရေး အခက်အခဲများကြောင့် ပညာရေးအားနည်းခဲ့ခြင်းရှိကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၁ ခုနှစ်မှစ၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလစတင်ခဲ့ကြောင်း၊ အသွင်ကူးပြောင်းရေးသည် ယနေ့ဆိုလျှင် ဆယ်စုနှစ်တစ်ခုကျော်သာရှိပါသေးကြောင်း၊ ဒီမိုကရေစီဆိုရာတွင် ပြည်သူကအဓိကဖြစ်ပါကြောင်း၊ ပြည်သူတို့၏ နိုင်ငံရေးအသိက နိုင်ငံ၏အနာဂတ်ကို အဆုံးအဖြတ်ပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ အတွေးအခေါ်မှန်ကန်မှုသည် ဒီမိုကရေစီနိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း၊ ထို့ကြောင့်ပြည်သူလူထု၏ အတွေးအခေါ် မှန်ကန်ရေး၊ လူမှုစီးပွားဘဝတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ အနာဂတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးများရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် ပြည်သူ့အခြေပြုလူ့စွမ်းအား အရင်းအမြစ်များဖြင့် လူမှုစီးပွားတိုးတက်အောင် ဆောင်ရွက်မှ မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အေးချမ်းစွာ လျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်သန်းခေါင်စာရင်းအရ လူဦးရေ ၅၄ သန်းရှိသည့်အနက် အခြေခံပညာ အလယ်တန်း အဆင့်သာရှိသူဦးရေ (၅သန်း ၆သိန်းခန့်) ရှိပါကြောင်း၊ လက်ရှိပညာရေးအခြေအနေဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာအခြေပြု လူမှုစီးပွား အခြေပြု တိုးတက်မှုအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်း၊ ပညာပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း ပညာရပ်နယ်ပယ်အလိုက် အသိပညာရှင်၊ အတတ် ပညာရှင်၊ နည်းပညာအသက်မွေးကျွမ်းကျင်သူများ ပေါ်ထွန်းလာစေရန်လေ့ကျင့်ပေးခြင်းဖြင့် ပညာရေးကဏ္ဍကို မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ချမှတ်ထားသည့် ပညာရေးနှင့် ပတ်သက်သည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် အခြေခံပညာရေးဆိုင်ရာ ရည်မှန်းချက်နှင့် မူဝါဒသည် နိုင်ငံသားတိုင်း KG+9 အခြေခံပညာအလယ်တန်းအဆင့် အနိမ့်ဆုံးပြီး မြောက်စေရေးကို ဦးစားပေးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ နောင်လာမည့် အစိုးရများအနေဖြင့် ပညာရည်မြှင့်တင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ အခြေခံပညာ တတ်များ ပေါကြွယ်ဝမှသာလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီး လျှောက်လှမ်းမှုသည်လည်း ဖြောင့်ဖြူးသာယာမည်ဖြစ်ကြောင်း။
ဒုတိယအချက်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်မှု အခြေအနေကို ပြောကြား လိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထား မှန်ကန်ပြီး တူညီသောစိတ်ဆန္ဒများရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ မထိခိုက်စေရန် တတ်နိုင်သမျှထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။
အစိုးရအနေဖြင့် တာဝန်စတင်ထမ်းဆောင်ခဲ့သည့်ကာလတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး ဦးတည်ချက် ၃ ရပ်တွင် ထည့်သွင်းထားခြင်းဖြင့် အလေးအနက်ထားမှုရှိကြောင်းကို အားလုံး တွေ့မြင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် EAO များ အဆိုပြုထားသည့် NCA လမ်းကြောင်းပေါ်တွင် အခိုင်အမာရပ်တည်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနေလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် အစိုးရနှင့် တပ်မတော်အနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြင့်မဆို တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်ဟု အတိအလင်းကြေညာထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ကော်မတီ ၃ ရပ်ဖွဲ့စည်းခဲ့ကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်သည့်နေရာတွင် တွေ့ဆုံ ဆွေးနွေး ရေးယန္တရားသည် မရှိမဖြစ်လိုအပ်သည့်အတွက် ငြိမ်းချမ်းရေးကော်မတီသည် သက်ဆိုင်ရာ ဆွေးနွေးဖက်အဖွဲ့အစည်းများနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ Virtual တွေ့ဆုံမှုများ၊ တရားဝင်တွေ့ဆုံမှုများပြုလုပ်ပြီး မပြတ်ထိတွေ့ဆက်ဆံလျက်ရှိပါကြောင်း၊ ထိုသို့ ဆွေးနွေးရာ တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ယနေ့ထိ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု Video Conferencing ၁၃ ကြိမ်၊ နေပြည်တော်တွင်တွေ့ဆုံမှု ၂၅ ကြိမ်၊ တိုင်းရင်းသား လက်နက်ကိုင် များရှိရာ ဒေသတွင်သွားရောက်တွေ့ဆုံမှု ၁၃ ကြိမ်စုစုပေါင်း ယနေ့အထိ ၅၁ ကြိမ် ဆွေးနွေးခဲ့ ပါကြောင်း၊ တချို့သော EAO ၊ EAOs အနေဖြင့် စေ့စပ်ဆွေးနွေးရေးကိုမသွားဘဲ တိုက်ပွဲဝင် သွားမည်ဟု ထုတ်ဖော်ပြောကြားလာခြင်းသည် ၎င်းတို့၏ ရပ်တည်ချက်သဘောသာ ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် မငြိမ်းချမ်းသည့်ပတ်ဝန်းကျင်အဖြစ် ဖန်တီးထားလိုသည့် ၎င်းတို့၏သဘောထားသာ ဖြစ်နိုင်ပါကြောင်း။
ထိုသို့ဆွေးနွေးရာတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ရေး တို့အတွက် လုပ်ငန်းစဉ်များကို NCA တွင် သဘောတူချမှတ်ထားပြီး ဖြစ်ကြောင်း၊ NCA အရ ရေးဆွဲထားသည့်နိုင်ငံရေး ဆွေးနွေးမှုမူဘောင်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ စသည့်အစုအဖွဲ့အသီးသီးမှ ပါဝင်သည့် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပရမည်ဖြစ်ကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင်များ ပြောဆိုသလို၊ မီဒီယာများလှုံ့ဆော်နေသလို၊ လက်ရှိအနေအထားအရ အစုအဖွဲ့စုံလင်မှုမရှိ၊ လွှတ်တော်နိုင်ငံရေးမရှိ၍ ငြိမ်းချမ်းရေး ပျက်သယောင်ယောင်၊ တိုးတက်မှုများ မရှိသယောင်ယောင် နှပ်ကြောင်းပေး ပြောဆို နေကြခြင်းရှိပါကြောင်း၊ ငြိမ်းချမ်းရေးပျက်စရာ အကြောင်း မရှိပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များရှိရာဒေသအထိ မိမိတို့၏ငြိမ်းချမ်းရေး အဖွဲ့များ သွားရောက်ဆွေးနွေး နိုင်ခြင်းသည်ပင်လျှင် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆက်လက်ဆောင်ရွက် နေကြောင်း၊ တိုးတက်မှုရှိကြောင်းကို ပြသနေခြင်းဖြစ်ကြောင်း၊ လက်တွေ့ကျသည့် ဆွေးနွေးမှုများ၊ လက်တွေ့ကျသည့် လုပ်ဆောင်မှုရလဒ်များကိုကြည့်လျှင် သိနိုင်ပါကြောင်း၊ မိမိတို့ငြိမ်းချမ်းရေး ဆောင် ရွက်သည့်နေရာတွင် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း။
အစိုးရနှင့်တပ်မတော်အနေဖြင့် တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပေးခြင်းဖြင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်နိုင်ရေး မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်သမိုင်း တွင် တစ်ခါမှမရှိခဲ့ဖူးသည့် လိုက်လျောကမ်းလှမ်းချက်များနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ၂၁-၁၂-၂၀၁၈ ရက်နေ့ကစပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ ယခုနှစ်ကုန်ပိုင်းထိ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထပ်မံတိုးမြှင့်ထားပါကြောင်း၊ ဖေဖော် ဝါရီလ ၆ ရက်နေ့တွင်လည်း ထာဝရငြိမ်း ချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း ကြေညာချက်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေဖြင့် ထုတ်ပြန်ပေးခဲ့ပါကြောင်း၊ ယခင်ကဆွေးနွေးမှုများတွင် အစိုးရနှင့် တပ်မတော်ဘက်က ကြိုတင်ကန့်သတ်ချက်များကြောင့် မအောင်မြင်ဟု ဝေဖန်ပြောကြားခြင်း များရှိကြောင်း၊ ယခု ထိုကြေညာချက်တွင် မိမိတို့အနေဖြင့် ကြိုတင်ကန့်သတ်ချက်မထားဘဲ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ်ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးကြိုးပမ်းမှု သမိုင်းတွင် ရှားပါးသည့်ဖြစ်စဉ်ဟု ဆိုနိုင်ပါ ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် အကျိုးရှိစွာအသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အဖွဲ့ ၇ ဖွဲ့ နှင့် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ ဖွဲ့ စုစုပေါင်း ၁၁ ဖွဲ့ တက်ရောက်ခဲ့ပါကြောင်း။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၊ အစည်းအဝေးခန်းမတွင် ညှိနှိုင်းရေးကော်မတီနှင့် လက်မှတ်ရေးထိုးထားပြီးနှင့် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှု များဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် မိမိတို့အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားပြီး အပစ်အခတ်ရပ်စဲရေး လုပ်ထားပါကြောင်း၊ တူညီခြင်းကို လောလောဆယ်ပေါင်းလုပ်ပြီး မတူညီတာကို ဆက်လက်ညှိနှိုင်းမည်ဆိုရင် မိမိတို့ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့ပိုရောက်မည်ဖြစ်နိုင်ကြောင်း ဦးတည်ဆွေးနွေးခဲ့ပါကြောင်း ပြောကြားသည်။
အချို့နေရာတွင် တချို့သော EAO များသည် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် NUG ၊ CRPH၊ PDF များနှင့် ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို တွေ့ရပါ ကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံပညာရေးနှင့် ပတ်သက်ပြီး အဓိကနှောင့်ယှက် တိုက်ခိုက်နေသည်ကို တွေ့ရပါကြောင်း၊ စာမေးပွဲဖြေဆိုနေသည့် ကာလများအတွင်း စာသင်ကျောင်းများကို အကြမ်းဖက်လာရောက်တိုက်ခိုက်ခြင်း၊ ခြိမ်း ခြောက်ခြင်းများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရပါကြောင်း။
ယခင်က မိမိတို့နိုင်ငံတွင် ခေတ်တစ်ခေတ်ကို ရောက်ခဲ့ဖူးသည့် အစွန်းရောက်နိုင်ငံရေး အယူဝါဒ များ စွဲကိုင်ခဲ့ဖူးသည့် အဖွဲ့အစည်း တစ်ဖွဲ့၏ပြောကြားချက်ကို လုပ်ဆောင်နေသည်ကို တွေ့ရပါ ကြောင်း၊ ထိုအဖွဲ့အစည်း၏ပြောကြားချက်တွင် တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေး ကိုသင်ယူကြ ဆိုသည့် အဆိုအမိန့်ဖြင့် လုပ်ခဲ့ခြင်းများရှိကြောင်း၊ ထိုသို့လုပ်ခဲ့ခြင်းဖြင့် အကျိုးဆက်အနေဖြင့် တော်လှန်ရေးကို ဖန်တီးခြင်းဖြင့် တော်လှန်ရေးကိုသင်ယူကြဆိုသည့် အမိန့်ကိုလိုက်နာရန် အကောင်အထည်ဖော်ရန်အတွက် စာသင်ခန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရသည်ကို တွေ့ရကြောင်း၊ ယခုအချိန်တွင်လည်း ထိုကိစ္စမျိုးဖော် ဆောင်နေသည် ကို တွေ့ရသည်ကို ပြည်သူလူထုကို သတိချပ်စေလိုပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် လက်ရှိ အနေအထားတွင် ကိုက်ညီခြင်းများကို ဦးစွာလုပ်မည်ဆိုလျှင် တဖြည်းဖြည်းနှင့် မိမိရည်မှန်းချက် ကိုရောက် လာမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်သည့် ပြည်ထောင်စုဖြစ်ရန် တောင်းဆိုချက် များ၊ ထိတွေ့မှုများ၊ ဆွေးနွေးမှုများ များများလုပ်လျှင် ဖြစ်လာမည်ဖြစ်ကြောင်း၊ စိတ်ရှည် ရှည်ထားပြီး Emotion နည်းနည်းဖြင့် ဆောင်ရွက်မည်ဆိုလျှင် မိမိလိုချင်သည့် အနေအထား ရောက်ရှိလာမည် ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမရှိလျှင် အဖြေထွက်လာနိုင်စရာ မရှိပါကြောင်း၊ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိသည်ကို မိမိတို့အားလုံး လက်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ခံဆောင်ရွက်ပါက တိုင်းပြည်ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့ခဲ့သည့် သဝဏ်လွှာတွင်လည်း “တိုင်းရင်းသားပြည်သူများအနေဖြင့် အမိနိုင်ငံတော်ကြီးကို အမှန်တကယ် ချစ်မြတ်နိုးပြီး အချင်းချင်းသံသယစိတ် ကင်းရှင်းစွာဖြင့် အပြန်အလှန် လေးစားညီညွတ်လျက် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိတ်ကောင်းစေတနာ အပြည့်ဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်” ဟု ထည့်သွင်းဖော်ပြထားပြီး ဖြစ်ပါကြောင်း။
မိမိတို့အစိုးရ၏ တိုင်းရင်းသားပြည်သူများ စည်းလုံးညီညွတ်ရေးအပေါ်ထားရှိသည့် အဓိက ခံယူချက်ပင်ဖြစ်ကြောင်း၊ မိမိတို့အားလုံး၏ ရည်မှန်းချက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံဖြစ်ရမည်ဟု အားလုံး ရည်မှန်းထားခြင်း ဖြစ်ကြောင်း၊ အားလုံး၏ အခြေခံရည်ရွယ်ချက် ရည်မှန်းချက်တူညီပါကြောင်း၊ ထို့ကြောင့် တူညီခြင်းများကို ညှိနှိုင်းကာအတူလက်တွဲလုပ်ပြီး မတူညီသည်ကို မည်သို့ဆက်လက်ညှိနှိုင်း ဆောင်ရွက်မည်ဆိုသည့် အနေအထားမျိုး ညှိနှိုင်းဆွေးနွေးမှသာ လိုချင်သည့် ပန်းတိုင်ကိုရရှိ မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် NCA စာချုပ်ရရှိရန်အတွက် တစ်နှစ်နှင့်ကိုးလခန့် ကြာမြင့်ခဲ့ပြီး စာချုပ်ချုပ်ရန်အတွက် ပထမဆုံး ၂၁ ဖွဲ့ဖြင့်ဆွေးနွေးခဲ့ပါကြောင်း၊ ၂၁ ဖွဲ့မှ ၁၆ ဖွဲ့၊ ၁၆ ဖွဲ့မှ အမှန်တကယ်လက်မှတ်ထိုး သည့်အခါ ၈ ဖွဲ့ လက်မှတ်ထိုးသည့်အဆင့်၊ ထိုမှတစ်ဆင့် ၁၀ ဖွဲ့ ဖြစ်လာခြင်းဖြစ်ကြောင်း၊ NCA စာချုပ်ကိုအကြောင်းပြုပြီး ညီလာခံအဆင့်ဆင့်ကို ကြိုးပမ်းလာခဲ့ရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုကို ရရှိခဲ့ပြီး ဖြစ်ပါကြောင်း။
ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ခုမှ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် များနှင့် အဆင့်လိုက်အကောင် အထည်ဖော်မှုများကို ၆-၃-၂၀၂၂ ရက်နေ့တွင် ညှိနှိုင်းရေး အဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်ရာ သဘောထားစုစည်းချက် ၈ ချက်ရရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အကျိုးဆောင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် လောက၏နိယာမတရား ဖြစ်သည့် အကြောင်းတရားများညီညွတ်လျှင် အကျိုးတရားများဖြစ်ပေါ်လာသည် ဆိုသည့် နိယာမအတိုင်း အစိုးရအနေဖြင့် အကြောင်းတရား များညီညွတ်အောင် ဖန်တီးပေးနေခြင်းဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကောင်းသောအကျိုးများ ခံစားရစေရေးအတွက် ကောင်းသောအကြောင်းတရားများကို ဖန်တီးပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အားလုံး ဝိုင်းဝန်းပြီး တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင် ကြိုးပမ်းသွားကြရန် အကြောင်းတရားများ ညီညွတ်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ တတိယအချက်အနေဖြင့် အရွယ်မရောက် သေးသူကလေးသူငယ်များအား စစ်မှုထမ်း ဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်း ရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ပြောလိုပါကြောင်း၊ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ၏ ဆောင်ရွက်ချက်များကို ပြောရခြင်းသည် မကြာသေးမီကာလက မိမိတို့မြန်မာနိုင်ငံတွင် ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီး ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း၊ ဆောင်ရွက်ခဲ့သည်များ ကိုလုပ်နေသည့် ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ဆက်လက်လုပ်ဆောင်ခြင်းမရှိဘဲ တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် မိမိတို့ နိုင်ငံကိုစွပ်စွဲပြီး စာရင်းထည့်သွင်းခဲ့ခြင်းရှိကြောင်း၊ ထိုကိစ္စများကို သိရှိအောင်ပြောခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Re-porting-CTFMR) တို့အကြား အရွယ်မရောက်သေးသည့် ကလေးသူငယ်များ စစ်မှု ထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းစီမံချက်ကို ၂၇-၆-၂၀၁၂ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ပြီး Plan of Action သက်တမ်းကာလ ၁၈ လ ဖြစ်ပါကြောင်း။
၂၇-၁၂-၂၀၁၃ ရက်နေ့တွင် Plan of Action သက်တမ်းကာလ ၁၈ လပြည့် မြောက် ခဲ့သော်လည်း လုပ်ငန်းကိစ္စများ မပြီးပြတ်သဖြင့် ၆ လနှစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီး ဒုတိယ အကြိမ်သက်တမ်း ၆ လကုန်ဆုံးသည့် ၂၇-၁၂-၂၀၁၄ ရက် နောက်ပိုင်းမှစ၍ Plan of Action အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်းမရှိဘဲ Indicator ချက်ဖြင့် ဆက်လက်ဆောင်ရွက် ခဲ့ပါကြောင်း၊ ၂၆-၇-၂၀၁၈ ရက်နေ့တွင် CTFMR နှင့် မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ Indicator ၂၁ ချက်မှ Indicator ၁၁ ချက်အထိ လျှော့ချကာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
တပ်မတော်အနေဖြင့် ကော်မတီစတင်ဖွဲ့စည်းခဲ့သည့် ၂၀၀၄ ခုနှစ်မှစ၍ CTFMR နှင့် Plan of Action စာချုပ်ကို လက်မှတ်မရေးထိုးမီ ၂၆-၆-၂၀၁၂ ရက်နေ့အထိ အရွယ်မရောက်သေးသူ ကလေးသူငယ် (၅၉၇) ဦးကို တပ်မတော်မှနုတ်ထွက်ခွင့်ပေးခဲ့ပါကြောင်း၊ လုပ်ငန်းစတင်ခဲ့သည့် ၂၀၁၂ ခုနှစ်၊ ဇွန်လမှ ယနေ့အချိန်အထိ CTFMR နှင့်ပူးပေါင်းပြီး တပ်မတော်မှ အရွယ်မရောက်မီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည်(၁၀၂၉)ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့် ပြုခဲ့ပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါကြောင်း။
ဆက်လက်၍ မှားယွင်းစုဆောင်းခြင်း ခံခဲ့ရသည်ဟု စိစစ်တွေ့ရှိရသည့် အသက်မပြည့်စစ်သည် (၂၈)ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး တပ်မတော်နှင့် CTFMR တို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ၁၅-၆-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ၂၀၁၉ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ၏ နောက်ဆက်တွဲပါ ကလေးစစ်သည် စုဆောင်းမှုနှင့် အသုံးပြုမှုစာရင်းမှ မြန်မာ့တပ်မတော်ကိုပယ်ဖျက်ခဲ့ပြီး အပြီးသတ်ပယ်ဖျက် နိုင်ရေး စောင့်ကြည့်ကာလ တစ်နှစ်သတ်မှတ်ပေးခဲ့ပါကြောင်း၊ စောင့်ကြည့်ကာလအတွင်း တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍ၌ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အတိုင်း တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော် ၂၁-၆-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ နှစ်စဉ်အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ တစ်ဖက်သတ်ပြန်လည် စာရင်းသွင်းခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သို့စွပ်စွဲသည်ဖြစ်စေ၊ ညှိနှိုင်းမှုမရှိဘဲ ပြန်လည်စာရင်းသွင်းသည်ဖြစ်စေ၊ တပ်မတော်အနေဖြင့် ကော်မတီ၏ ပုံမှန် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီ၏ လုပ်ဆောင်ချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် CTFMR သို့ အသိပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆင့်တူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံဘက်မှ လမ်းကြောင်းမျိုးစုံဖြင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ထံသို့ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတစ်ဆင့် အကြောင်းကြားထားရှိပြီး မြန်မာ့တပ်မတော်အနေဖြင့် မည်သို့ပင်ဆိုစေ မိမိတို့၏ ကတိကဝတ် များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နံပါတ်လေးအချက်အနေဖြင့် လတ်တလောပျံ့နှံ့နေသည့် ငွေတုကိစ္စအကြောင်း ပြောလိုပါကြောင်း၊ ပြည်သူလူထုအနေဖြင့် ကောလာဟလအပေါ် စိုးရိမ်ပူပန်မှုများမဖြစ်ရန် အသိပေးလိုပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာအပေါ်တွင် ငွေစက္ကူအတုရောင်းဝယ်ရေး Facebook Page များဖွင့်ပြီး ကြော်ငြာရောင်းချနေခြင်းကို တွေ့ရပါကြောင်း၊ ငွေစက္ကူအစစ် များကို ဓာတ်ပုံရိုက်ပြီး Page တွင် လိမ်လည်ဖော်ပြထားခြင်းနှင့် ပုံအဟောင်းများကူးယူပြီး ဖော်ပြထားခြင်းတွေ့ရပါကြောင်း၊ အင်တာနက် စာမျက်နှာများပေါ်တွင် ငွေစက္ကူအတုများ ရောင်းချခြင်းဆိုသည့် အရောင်းအဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ Online တွင် ယုံကြည်အောင် ပြောဆိုပြီး ကြိုတင်လွှဲပို့သည့်ငွေများကို လိမ်လည်ရယူခဲ့ခြင်းကို တွေ့ရကြောင်း၊ ငွေ ၃၀၀၀ဝိ/-(သုံးသောင်းကျပ်) စရန်တောင်းခံပြီး ငွေရရှိပါက ထပ်မံဆက်သွယ်မရဘဲ ဖုန်းပိတ်ထားခြင်း၊ အကောင့်ဖျက်ပြီး ပြေးခြင်းမျိုးလုပ်ဆောင်သည်ကိုတွေ့ရကြောင်း၊ ငွေစက္ကူအတုကို မည်သည့် နေရာတွင် ချထားမည်သွားယူပါဆိုသည့်ပုံစံဖြင့် ငွေကြိုလွှဲခိုင်းပြီးပိတ်သွားခြင်း၊ လိမ်သွားကြ ခြင်းကို စုံစမ်းသိရှိရပါကြောင်း၊ မိမိပြောလိုသည်မှာ ယခင်ငွေစက္ကူနှင့်ပတ်သက်ပြီး ကောလာ ဟလများထွက်သည့်အချိန်တွင် ပြောပြီးဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ “၃၆(င)အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေး အဖြစ် သတ်မှတ်ခြင်းမပြု” ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာသုံးစွဲနိုင်ကြောင်း အသိပေး ပြောကြားလိုကြောင်း၊ ဗဟိုဘဏ်၏ မှတ်တမ်းများအရ ငွေအတုဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၁၉ ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၆ ကြိမ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ၂၅ ကြိမ် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုပိုများပါကြောင်း၊ Online တွင် ငွေစက္ကူအတုနှင့် လိမ်လည်မှုနှင့် ပတ်သက်ပြီး ၂၀၂၂ ခုနှစ် မတ်လအတွင်း Online လိမ်လည်မှု ၇ မှုအား ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများနှင့်ပတ်သက်သည့် Video File အချို့ကို ဖွင့်ပြလိုပါကြောင်း၊ NUG၊ CRPH စသည့် အကြမ်းဖက်အဖွဲ့အစည်းများ ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအဖွဲ့များ၏ လုပ်ရပ်များစွာထဲက အချိန်ကာလကိုငဲ့ကွက်ပြီး File အချို့ကို ဖွင့်ပြခြင်းဖြစ်ကြောင်း၊ မိမိတို့ထံ အခုလို Video File ပေးပို့သည့်အပြင် ဆက်သွယ်ရေး နည်းလမ်းမျိုးစုံမှတစ်ဆင့် နောက်ဆုံး လူကိုယ်တိုင်လာပေးသည့်အဆင့်ထိ Video File များစွာရှိကြောင်း၊ ထိုအထဲမှ ၎င်းတို့၏ လုံခြုံရေး၊ ရပ်ရွာလုံခြုံရေးအတွက် သက်သေ အထောက်အထားအဖြစ် ထားရှိရန် ပြောခဲ့သည်များရှိကြောင်း၊ အချို့ Video File များသည် ကာယကံရှင်ကိုယ်တိုင် ၎င်းတို့ရွာတွင် ဖြစ်ပျက်နေသည်များ၊ ပြည်ပမီဒီယာများ၊ မီဒီယာများ မည်သို့လုပ်ကြံ သတင်းဖန်တီးထားသည်ကို သိရှိနိုင်ရန် ပေးပို့ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဖွင့်ပြခြင်းဖြစ်ကြောင်း၊ ပထမဦးဆုံး စစ်ကိုင်းတိုင်းဒေသကြီး အင်းမထီးကျေးရွာ ဒုတိယအကြိမ် မီးရှို့ခံရသည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့က မည်သို့ဆောင်ရွက်ခဲ့သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ အင်းမထီး ကျေးရွာတွင် ယခင် ၉/၁၀ လပိုင်းက တည်းကပင် အခွန်ကောက်ခြင်း၊ PDF နှင့် ပတ်သက်ပြီး ပေးရခြင်းများကို ပြောထားခြင်းဖြစ်ကြောင်း ပြောကြား၍ အင်းမထီးရွာ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသားများ၏ ပြောကြားချက်အချို့ ပါဝင်သည့် Video File ကို ပြသသည်။
ဆက်လက်၍ နောက်တစ်ခုအနေဖြင့် ပုလဲမြို့နယ် ဇီးဖြူကုန်းရွာဖြစ်စဉ်ကို ဖွင့်ပြမည် ဖြစ်ကြောင်းပြောကြား၍ ဇီးဖြူကုန်းရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ရွာသားတချို့ပြောကြားထား သည့် Video File ကို ပြသသည်။ Video File လေးဖိုင်စုစည်းထားပါကြောင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာနောက်ခံအကြောင်း အရာတချို့ကိုလည်း ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ ထိုကာလထိုအချိန်တွင် ထိုရွာ၌ စည်းလုံးညီညွတ်ပြီး အေးချမ်းစွာ နေခြင်းများရှိကြောင်း၊ နိုင်ငံရေးအယူဝါဒမျိုးစုံ၊ ပါတီထောက်ခံသူမျိုးစုံရှိကြောင်း၊ အနီ/အစိမ်း/အပြာ အားလုံး ရှိပါကြောင်း၊ စည်းလုံးညီညွတ်မှု အပြည့်ဖြင့်နေခဲ့ခြင်း ရှိကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည့် လွတ်လပ်စွာကွဲလွဲခွင့်ကို အပြည့်အဝကျင့်သုံးခဲ့သည့်ရွာဟု ပြောနိုင်သည့် အနေအထား ဖြစ်ကြောင်း၊ အစိမ်းအိမ်က လှူလျှင် အနီကူသလို၊ အနီအိမ်က အခက်အခဲရှိလျှင် အစိမ်း ကလည်း ကူခဲ့သည့် ရာဇဝင်ရှိပါကြောင်း၊ NUG ဆိုသည့် အကြမ်းဖက်အဖွဲ့၏ D-Day ဆိုသည့် ကြေညာချက်ထွက်လာပြီးနောက် ထိုရွာတွင် စည်းလုံးမှု၊ ညီညွတ်မှုများ ပျက်ပြားပြီး PDF ဟု အမည်တပ်ထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည့်နောက်တွင် ပိုလျှံလျှင် အလှူအတွက် ရည်စူးထားသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် ငွေကြေးများသည် PDF အဖွဲ့ကို ဆက်ကြေးပေးရသည့်အဆင့် ရိက္ခာထောက်ပံ့ရသည့် အဆင့်အထိ ရောက်သွားပါကြောင်း၊ ရွာသူ၊ ရွာသားများ၏ပြောကြားချက်အရ (၉)လပိုင်းကနေစပြီး ဆက်ကြေးပေးခဲ့ရပါကြောင်း၊ လူငယ်များသည် အိမ်၏တောင်သူအလုပ်နှင့် အခြားအလုပ်များကို လုပ်ကူရမည့်အစား ဒေသ အတွက် PDF ထဲကိုဝင်ရမည်ဆိုပြီး ဝင်ရပါကြောင်း၊ မဝင်လျှင်သတ်ဖြတ်သည်ထိ ကျူးလွန်ပါ ကြောင်း၊ ခြိမ်းခြောက်ပါကြောင်း၊ မဝင်လို၍ မြို့ပေါ်ပြေးလျှင် အိမ်ကလူများကို သတ်မည်ဟု ခြိမ်းခြောက်မှုကြောင့် PDF ထဲဝင်ရသူ မနည်းသည်ကို တွေ့ရပါကြောင်း၊ ဆက်ကြေးပေး PDF ထဲဝင်၍ ၎င်းတို့မိသားစု လုံခြုံမှုမရှိသေးပါကြောင်း။
ယခင် ရန်ငြိုးရန်စရှိခဲ့ဖူးသူက PDF ထဲ ရောက်နေလျှင် ဘယ်အချိန်ဒလန်ဆိုသည့် စွပ်စွဲချက်ဖြင့် အသတ်ခံရသည့် စိတ်ပူပင်ရခြင်းမျိုးစုံရှိခဲ့ပါကြောင်း၊ ထိုသို့နေထိုင်ရခြင်းကြောင့် တချို့ရွာသူ ရွာသားများသည် မခံနိုင်သည့်အဆုံး ပြည်သူ့စစ်အဖွဲ့ငယ်များကို စပြီးဖွဲ့စည်းပါကြောင်း၊ ထိုသို့ဖွဲ့သည့်အချိန်တွင် PDF အဖွဲ့များသည် မကျေမချမ်းဖြစ်ပြီး ပြည်သူ့စစ်ဖွဲ့သည့်ရွာများကို အင်အားသုံးပြီး တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ခဲ့ပါကြောင်း၊ ရွာမီးလောင်တော့ ဦးအောင်တပ်က လုပ်သယောင်ထုတ်လွှင့်ခဲ့ခြင်းများ ရှိကြောင်း၊ မီးသည် အစိမ်းအိမ်လောင်သလို အနီအိမ်လည်းလောင်ခြင်းဖြစ်ကြောင်း၊ နီ၍ မီးကမလောင်ဘဲ ကွင်းသွားခြင်းမရှိဘဲ အကုန်လောင်ပါကြောင်း၊ ဇီးဖြူကုန်းရွာဖြစ်စဉ်တွင် အမှန်တကယ်ခံစားရသည့် ကျေးရွာသား များ၏ Video File ကို ကြည့်ရှုရမည်ဖြစ်ကြောင်း ပြောကြား၍ Video File ကို ပြသသည်။
ဆက်လက်၍ PDF အဖွဲ့ကို ဖြစ်ပေါ်လာရန် လှုံ့ဆော်ပေးသည့် PDF အဖွဲ့ကို ညွှန်ကြား ပေးနေသည့် အကြမ်းဖက် NUG အဖွဲ့များအနေဖြင့် ထိုကိစ္စနှင့်ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ထိန်းသိမ်းနိုင်ပါသလား၊ EAO ခေါင်းဆောင်တစ်ဦး ပြောခဲ့သည်ကို မီဒီယာသမားများနှင့် ကြည့်ရှုနေကြသည့် မိဘပြည်သူများ လည်း သိရှိပြီးဖြစ်ကြောင်း၊ အကြောင်းမဲ့ပြောခဲ့ခြင်း မဟုတ်ကြောင်း၊ အတွေ့အကြုံအရ ပြောခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တပ်ကပြောခဲ့ခြင်း မဟုတ်ကြောင်း၊ နှစ်ပေါင်းများစွာ လက်နက်စွဲကိုင်ပြီး တိုင်းရင်းသားအရေးလုပ်နေသည့် EAO အဖွဲ့ခေါင်းဆောင်တစ်ဦး ပြောခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုအဖွဲ့များသည် လက်နက်စွဲကိုင်ပြီးလျှင် မည်သူမျှထိန်း၍သိမ်း၍ရမည် မဟုတ်ကြောင်း၊ ဓားပြသာသာ ဖြစ်သွားမည်ဟု ပြောခဲ့ကြောင်း၊ မှန်မမှန်တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိဖြစ်ပျက်နေသည့် အဖြစ်အပျက်များ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခင်က ပြောခဲ့သလို ထိုသို့ခံစားနေရသူများနှင့် ပတ်သက်လာလျှင် ပြည်သူလူထုပါဝင်သည့် ပြည်သူ့ကာကွယ်ရေး စနစ်ကို အရှိန်မြှင့်တင် ဆောင်ရွက်ပြီး ပြည်သူလူထုကို ကာကွယ်နိုင်ရန် ပြည်သူလူထုပါဝင်သည့် ပြည်သူလူထုကာကွယ်ရေးစနစ်ကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ဓားပြသာသာဖြစ်နေမည်ကို အကြောင်းမဲ့ပြောခြင်းမဟုတ်ကြောင်း၊ ၁၈-၃-၂၀၂၁ ရက်နေ့ထိ PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်ကြောင့် ရွှေဆိုင်လုယက်ခံရမှု တရားခံ ၅၉ ဦး ကျူးလွန်ခဲ့ပြီး တန်ဖိုးငွေ ၁၆၂၄၉၇၉၄၀၀ ကျပ် (၁.၆ ဘီလီယံ ကျော်ခန့်) ရှိပါကြောင်း။
သေနတ်ဖြင့် ခြိမ်းခြောက်လုယက်မှု ၁၁ ကြိမ်၊ လူကိုသေစေသည့် ဓား၊ တုတ်နှင့် ၁ ကြိမ် ပါဝင်ပတ်သက်ခဲ့ပါကြောင်း၊ ဘဏ်ဓားမြတိုက်မှု ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တရားခံ ၉၇ ဦး ဖမ်းမိခဲ့ပါကြောင်း၊ တန်ဖိုးငွေ ၁၃၅၅၁၆၀၉၃၆၄ ကျပ်(၁၃.၅ ဘီလီယံ ကျော်) ဆုံးရှုံးခဲ့ပါကြောင်း၊ အကြမ်းဖက်လုယက်မှုအနေဖြင့် ၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ၃၁၃၀၆၈၃၉၆၅ ကျပ်၊ (၃.၁ ဘီလီယံ ကျော်ခန့်)ဖြင့် လုယက်ကျူးလွန်ခဲ့ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်စဉ် ၁၃ ခုဖြင့် အများဆုံးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စို့ကွင်းကျေးရွာမှ သေနတ်ဖြင့်ချိန်ပြီး ငွေ ၆ သောင်း တန်ဖိုးခန့်ဖြင့် သေနတ်ပစ်ခတ် ဓားပြတိုက်တဲ့ဖြစ်စဉ် ရှိသကဲ့သို့ ဆီတင်သင်္ဘောများကိုလည်း ငွေသိန်း ၅၀ ခန့် ဓားပြတိုက်သည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ အောင်ချမ်းသာရွာအနီး ဖြစ်စဉ်များလည်းရှိပါကြောင်း၊ မကွေးတိုင်း၊ ဆိပ်ဖြူကုန်း ရွာ၌လည်း တူမီးသေနတ်ကိုင် လူ ၄ ဦးက အထက်တန်းပြဆရာတစ်ဦး ဖမ်းဆီးခေါ်ဆောင် သွားသည့် ဖြစ်စဉ်များလည်းရှိပါကြောင်း၊ လက်နက်များကိုင်ပြီး အကြမ်းဖက်ဓားပြတိုက် လုယက်မှုအချို့သာဖြစ်ပါကြောင်း၊ ထို့အပြင် ဝေစုမတည့်သဖြင့် PDF အချင်းချင်း ဒလန်၊ သတင်းပေးဆိုပြီး သတ်ဖြတ်မှုများလည်းရှိနေပါကြောင်း၊ အစကတည်းက ခံယူချက်စိတ်ဓာတ် မကောင်းသူ၊ မရှိသူများ၏ အချင်းချင်း သတ်ဖြတ်မှုဇာတ်လမ်းများက ပေါ်ပေါက်လာမည်၊ ပေါ်ပေါက်နေဆဲဖြစ်မည်ဆိုသည်ကို မကြာခင်အရှိန်အဟုန်နှင့် လာပါလိမ့်မည်ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များကို ပြည်သူများအနေဖြင့် မိမိတို့နှင့် ပူးပေါင်းပါဝင်ကြပါဟု တိုက်တွန်းလိုပါ ကြောင်း။
နိဂုံးချုပ်အနေဖြင့် ရွေးကောက်ပွဲကိစ္စကို ပြောကြားလိုပါကြောင်း၊ မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲ ၃ ကြိမ်ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၌ မြို့နယ် ၃၃၀ ရှိသည့်အနက် ၂၀၁၀ ရွေးကောက်ပွဲတွင် မြို့နယ် (၃၂၅) မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် မြို့နယ် (၃၂၃) မြို့နယ်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် (၃၁၅) မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်၊ ပုဒ်မ ၇ အရ “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည်” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အနှစ်သာရမှာ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တစ်နိုင်ငံလုံး၊ မည်သည့် နေရာဒေသမှမကျန် ကျင့်သုံးရမှာဖြစ်ပါကြောင်း၊ ထိုသို့ကျင့်သုံးနိုင်ရန် အခြေခံအချက်က လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ တစ်နိုင်ငံလုံး၌ ဆောင်ရွက်ပေးနိုင်ရမှာ ဖြစ်ပါကြောင်း၊ သို့မှသာ အထွေထွေရွေးကောက်ပွဲ (General Election) ဆိုသည့်အင်္ဂါရပ်နှင့် ပြည့်စုံမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကို လုပ်နိုင်သည့် နေရာလုပ်၊ မလုပ်နိုင်သည့်နေရာကို မလုပ်ဘဲ ချန်ထားပါက ဒီမိုကရေစီနှင့် အထွေထွေ ရွေးကောက်ပွဲ၏ အနှစ်သာရများ ယုတ်လျော့သွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် လာမည့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း အသိပေးပြောကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်ဖော်ပြပါမည်။