Skip to main content

၂၄-၃-၂၀၂၂ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ် ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် (၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယမန်နေ့မှ အဆက်

သူရိယနေဝန်းဂျာနယ်မှ ဒေါ်သဇင်ဦးက ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပါတီများကို စစ်ဆေး ရာတွင် NLD ပါတီနှင့် SNLD ပါတီတို့က အစစ်ဆေးခံခြင်း မရှိသည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ကြေညာချက်တွင် မတ်လ ၉ ရက်နေ့ နောက်ဆုံးထား၍ စစ်ဆေးမည်ဖြစ်ကြောင်းနှင့် အစစ်ဆေးမခံ ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ (၂၄)၊ ပုဒ်မခွဲ (ဂ၊ ဃ၊ င)တို့တွင် ပါဝင်သည့် ပြဋ္ဌာန်းချက်များအရ အနိမ့်ဆုံးပြစ်ဒဏ်မှာ နိုင်ငံရေးပါတီအဖြစ်မှ ၃ နှစ် ရပ်ဆိုင်းနိုင်ကြောင်းနှင့် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ပါတီမှတ်ပုံ တင်ခြင်းကို ဖျက်သိမ်း၍ ပါတီကိုဖျက်သိမ်းသည်အထိ အပြစ်ပေးအရေးယူ ဆောင်ရွက်သွားမည် ဟုလည်း ကြေညာချက်တွင်ပါဝင်ကြောင်း၊ ထို့ကြောင့် အဆိုပါကြေညာချက် အတိုင်း မည်သည့် အချိန်တွင် အရေးယူဆောင်ရွက်သွားမည်ကိုသိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် စစ်ဆေးရန်အတွက် ပါတီ ၁၀ ပါတီ ကျန်ရှိသေးကြောင်း၊ အဆိုပါပါတီများတွင် ယခု သတင်းထောက်ကြီးမေးမြန်းသည့် NLD ပါတီ နှင့် SNLD ပါတီတို့ လည်းပါဝင်ကြောင်း၊ ထိုပါတီများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်တွင် အစစ်ဆေးခံရန်အတွက် ဖေဖော်ဝါရီလ ၈ ရက်က အကြောင်း ကြားခဲ့ကြောင်း၊ သို့သော် သတ်မှတ်ထားသည့်နေ့ရက်တွင် လာရောက် အစစ်ဆေးခံရန် ပျက်ကွက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပါတီ ၂ ပါတီကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်းဥပဒေ ပုဒ်မ ၂၄ (က)အရ ၂၀၂၂ ခုနှစ် မတ် ၉ ရက် မတိုင်မီလာရောက်အစစ်ဆေးခံရန်အတွက် ထပ်မံအကြောင်းကြားခဲ့ကြောင်း၊ ထိုသို့အကြောင်းကြား ခဲ့သော်လည်း သတ်မှတ်ထားသည့်နေ့အထိ လာရောက် အစစ်ဆေးခံခြင်းမရှိဘဲ ထပ်မံပျက်ကွက် ခဲ့ကြောင်း၊ မိမိတို့စာဖြင့် အကြောင်းကြားစဉ်ကလည်း ပုဒ်မ ၂၄(က) အရ သတ်မှတ်ရက်တွင် လာရောက်အစစ်ဆေးခံရန် ပျက်ကွက်ပါက ပုဒ်မ ၂၄(ဂ၊ဃ၊င)တို့နှင့်အညီအရေးယူဆောင်ရွက် သွားမည်ဆိုသည့် အချက်လည်းပါဝင်ကြောင်း၊ ထိုပုဒ်မများအရ သတ်မှတ်ကာလအတွင်း ညွှန်ကြား ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ပါတီ များကို ၃ နှစ် ယာယီရပ်ဆိုင်းခြင်းနှင့် ထိုသို့ ရပ်ဆိုင်းထားသည့်ကာလ အတွင်း ပုဒ်မခွဲ(ဃ)အရ သတ်မှတ်ထားသည့် လုပ်ငန်းများမှအပ အခြားလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုရန် ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မခွဲ (င) အရ သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက် ခြင်းမပြုပါက ပါတီကိုဖျက်သိမ်းသည်အထိ အရေးယူ နိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အဆိုပါ ပျက်ကွက်မှုကို စုံစမ်းစစ်ဆေး ရန်အတွက် ကော်မရှင်အဖွဲ့ဝင်များက( Pilot Project) ဖြင့် ခရီးများ သွား၍ စစ်ဆေးဆောင်ရွက်နေပါကြောင်း၊ တပ်မတော်နေ့နောက်ပိုင်းတွင် ထိုအဖွဲ့များပြန်လည်ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းအဖွဲ့ အားလုံး ပြန်လည်ရောက်ရှိပါက စီမံခန့်ခွဲရေးကော်မတီ စုံညီအစည်းအဝေးပြုလုပ်၍ ဥပဒေနှင့်အညီ လိုအပ်သလိုဆုံးဖြတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆုံးဖြတ်ဆောင်ရွက်ချက်များကို ပြည်သူလူထု သိရှိနိုင်ရန်အတွက် အသိပေးထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Myanmar Public Press မီဒီယာမှ အယ်ဒီတာ ကိုခန့်က ပြီးခဲ့ သည့် ရွေးကောက်ပွဲများတွင် ပါတီ ကိုယ်စားလှယ်လောင်းများ၏ ပညာအရည်အချင်းများ နိမ့်ကျလျက်ရှိသည်ကို တွေ့ရကြောင်း၊ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အားနည်းသူများနှင့် မြန်မာဗျည်း အက္ခရာများကိုပင် ကောင်းစွာမဖတ် နိုင်သူများက အမတ်လောင်းများ ဖြစ်လာကြကြောင်း၊ ထို့အပြင် ပြင်ပလူနေမှုဘဝတွင်လည်း ငွေကြေးပိုင်းဆိုင်ရာ မသမာမှုများနှင့် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ပြစ်မှုရှိသူများက ကိုယ်စား လှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးခံ၍ လွှတ်တော်အမတ်များဖြစ်လာကြကြောင်း၊ တိုင်းကျိုး ပြည်ပြုလုပ်ငန်းများကို ဆောင်ရွက်ရမည့် သူများအနေဖြင့် အဆိုပါ ကိစ္စများကို ဆင်ခြင်ရမည်ဟု ထင်မြင်မိကြောင်း၊ ထိုကိစ္စများကို UEC အနေဖြင့် မည်ကဲ့သို့သော ထိန်းချုပ်ကန့်သတ်မှုများ ဆောင်ရွက် ထားသည်ကို သိလိုကြောင်း မေးမြန်းသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းထောက်ကြီး မေးမြန်းသည့် မေးခွန်းမှာ မေးခွန်းကောင်း တစ်ခုဖြစ်ကြောင်း၊ မိမိတို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ၏ အခြေအနေ ကိုသုံးသပ်၍ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ အပါအဝင် သက်ဆိုင်ရာလွှတ်တော်ရွေး ကောက်ပ ဥပဒေ၊ နည်းဥပဒေများကို သုံးသပ်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ သုံးသပ် ပြင်ဆင်ဆောင်ရွက်ပြီးပါက သတင်းထောက်ကြီးမေးမြန်းခဲ့သည့် ကိစ္စကို သိရှိနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Trend News မှ အယ်ဒီတာချုပ် ဦးဝဏ္ဏက ဇေကမ္ဘာဦးခင်ရွှေနှင့် ၎င်း၏ သားကို ဖမ်းထားသည်ဟု အွန်လိုင်းတွင် သတင်းများပြန့်နေ ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်အနေဖြင့် အသေးစိတ်ပြောပြပေးစေလိုကြောင်းနှင့် နောက်ထပ် မေးခွန်းတစ်ခုမှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွက် မည်သည့်နိုင်ငံရေးထွက်ပေါက်ရှိသည်ကို သိလိုကြောင်း မေးမြန်းသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက ဇေကမ္ဘာဦးခင်ရွှေနှင့် ၎င်း၏သားကို ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖြစ်ခဲ့သည့်ဇာတ်လမ်းမှာ ရှည်လျား ကြောင်း၊ အခြားသတင်းဌာနများက ရေးသားနေမှုများကိုလည်း တွေ့ရကြောင်း၊ ပြည့်စုံမှုမရှိသည့် သတင်းများလည်းရှိကြောင်း၊ မိမိအနေဖြင့်ဖြစ်ခဲ့သည့်ဖြစ်စဉ်ကိုသာ ပြောလိုကြောင်း၊ ယင်းဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပုလဲလမ်းရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြရိပ်ညို ဟိုတယ်မြေ ၁၃ ဒသမ ၇၉ ဧကကျော် ငှားရမ်းခြင်းနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ ထိုမြေနေရာ ၁၃ ဒသမ ၇၉ ဧကကျော်ကို စစ်ထောက်ချုပ်ရုံးနှင့် ဇေကမ္ဘာကုမ္ပဏီ တို့အကြား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် MoA လက်မှတ်ရေးထိုး၍ စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်း၊ ထိုသို့လက်မှတ်ရေးထိုးရာတွင် စစ်ထောက်ချုပ်ရုံးနှင့် ဇေကမ္ဘာကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုး ခြင်းဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေယာဖြစ်သည့် အတွက် အဆိုပါမြေ ငှားရမ်းခြင်းမှရရှိသည့် ငွေကြေးများကို နိုင်ငံတော်ဘတ်ဂျက်အဖြစ် ပြန်လည် ပေးသွင်းရကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ရငွေအဖြစ် စာရင်းပေါ်ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ရငွေမှာ နိုင်ငံတော်ဘတ်ဂျက်သာ ဖြစ်သည့်အတွက် နိုင်ငံတော်သို့ ပြန်လည်ပေးသွင်း ရခြင်း ဖြစ်ကြောင်း၊ တပ်မတော်ကရရှိသည့်ငွေ မဟုတ်သည်ကိုအသိပေးလို ကြောင်း၊ MoA စာချုပ်၏ စည်းကမ်းအရ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်းအား ငါးကြိမ်ခွဲ၍ ပေးသွင်းရမည်ဖြစ်ကြောင်း၊ ၆လအတွင်း BOT စာချုပ်ချုပ်ဆိုနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် မြေအသုံးချမှုအတွက် ပရီမီယမ်ကြေး အဖြစ် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းကို ဖေဖော်ဝါရီလနှင့် ဩဂုတ်လတို့တွင် နှစ်ကြိမ်ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း၊ သုံးကြိမ်စာ အတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်း ပေးရန်ကျန်ရှိ ကြောင်း၊ ကုမ္ပဏီကို ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၈)ကြိမ် အကြောင်းကြားခဲ့သော် လည်း ပေးသွင်းခဲ့ခြင်းမရှိကြောင်း၊ ထိုကာလအတွင်း ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် ပြည်ပကုမ္ပဏီတစ်ခုဖြစ်သည့် Akunutnan Development ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လိုသည်ဟု ၂၀၁၈ ခုနှစ်တွင် တင်ပြခဲ့ကြောင်း၊ ယင်းကိစ္စအား ခွင့်မပြုနိုင်ကြောင်းကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အကြောင်းပြန်ကြားခဲ့ကြောင်း၊ ထိုကာလအတွင်း ဇေကမ္ဘာ ကုမ္ပဏီက ခွင့်ပြုချက်မရရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာနပိုင် မြေအတွင်းရှိ ရှေးဟောင်းအဆောက်အဦ စာရင်းတွင်ပါဝင်သည့် မြို့တော်ဝန်အိမ် House(C)နှင့် မြို့တော်ဝန်ဧည့်ဂေဟာ အဆောက် အဦအမှတ်(D) အပါအဝင် အဆောက်အဦ ၄ လုံးအားဖြိုဖျက်ခဲ့ပြီး မြေပြုပြင်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလတွင် အကြောင်းကြား ခဲ့ကြောင်း၊ အဆိုပါကိစ္စအား ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဥပဒေအရအရေးယူနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဇေကမ္ဘာကုမ္ပဏီက ၎င်းတို့ ဖြိုဖျက်ပြီးဖြစ်သည့် မြို့တော်ဝန်အိမ်နှင့် မြို့တော်ဝန်ဧည့်ဂေဟာတို့အား ရှေးဟောင်းစာရင်းဝင်၊ မဝင် စစ်ဆေး ပေးရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအား ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် တင်ပြခဲ့ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှလည်း ယင်းလ ၇ ရက်နေ့တွင် အဆိုပါအဆောက်အဦ များသည် ရှေးဟောင်းအဆောက်အဦစာရင်းတွင် ပါဝင်မှုမရှိဟု ပြန် ကြားခဲ့ကြောင်း၊ သတိပြုရမည့်အချက်မှာ ကုမ္ပဏီအနေဖြင့် အဆောက်အဦများကို ဖြိုဖျက်ပြီးမှသာ ရှေးဟောင်းစာရင်းဝင်၊ မဝင် တောင်းခံခဲ့သည့်အချက်ဖြစ်ကြောင်း၊ ထိုတောင်းခံမှုကို သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အထက်ပါအတိုင်း ပြန်ကြားခဲ့သည်ကို လည်းတွေ့ရှိခဲ့ ရကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်က ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ဥပဒေအကြံပြုချက်များ တောင်းခံခဲ့ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဥပဒေအကြံပြုချက်များတွင် စည်းကမ်းဖောက်ဖျက်မှုများ တွေ့ရှိရသည့်အတွက် လုပ်ငန်းများပိတ်သိမ်းရန်ဟု ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် အကြောင်းပြန်ကြားခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီအား ၎င်းတို့ဖြိုဖျက်ခဲ့သည့် မြို့တော်ဝန်အိမ်အဆောက်အဦ အမှတ်(C)ကို မူလလက်ရာအတိုင်း ပြန်လည်ဆောက်လုပ်ပေးရန် စစ်ထောက်ချုပ် ရုံးက အကြောင်းကြားခဲ့ကြောင်း၊ ကုမ္ပဏီ ဘက်မှလည်း ပြန်လည်ဆောက်လုပ်ပေးမည်ဟု သဘောတူခဲ့ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီ အနေဖြင့် MoA စာချုပ်ပါ စည်းကမ်း ချက်များအရ မြေအသုံးချခ ပေးသွင်းရန် ပျက်ကွက်ခဲ့ခြင်းနှင့် ရှေးဟောင်းလက်ရာအဆောက်အဦ တစ်လုံးအပါအဝင် အဆောက် အဦ လေးလုံးဖြိုဖျက်ခဲ့ခြင်း၊ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း များပြုလုပ်ခဲ့သည့် အတွက် MoA စာချုပ်ရပ်စဲနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် အကြံပြုချက် တောင်းခံခဲ့ ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်များအရ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် MoA စာချုပ်ရပ်စဲပြီဖြစ်ကြောင်းကို ကုမ္ပဏီသို့ အကြောင်းကြားခဲ့ကြောင်း၊ ထိုသို့အကြောင်းကြားပြီးနောက်ပိုင်းတွင် လုပ်ထုံးလုပ်နည်းများအရ တရားမဝင်နေထိုင် သူများနှင့် ပရိဘောဂပစ္စည်းများအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖယ်ရှားခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့နစ်နာဆုံးရှုံးသည်ဟုယူဆသောကြောင့် ဇေကမ္ဘာကုမ္ပဏီက တပ်မတော်ကို ပြန်လည်တရားစွဲဆိုခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တပ်မတော်အနေဖြင့် ဇေကမ္ဘာကုမ္ပဏီက တရားစွဲဆိုခဲ့မှုနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ဥပဒေ အကြံပြုချက်များ တောင်းခံခဲ့ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အကြံပြုချက်တွင် တရားမကျင့်ထုံး ဥပဒေပုဒ်မ (၈၀) အရ တရားမဝင် သည့်အတွက် ကုမ္ပဏီအနေဖြင့် စည်းကမ်းဖောက်ဖျက်ခဲ့ကြောင်း ပေါ်လွင်သဖြင့် တပ်မတော်အနေဖြင့် ပေးလျော်ရန်မလိုဟု အကြံပြုချက်ရရှိခဲ့ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်း ချက်များရှိပြီးဖြစ်ကြောင်း၊ ရှေးဟောင်းအဆောက်အဦများနှင့် ပတ်သက်ပါက ရှေးဟောင်းအဆောက်အဦများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂ (က) ၌ အဓိပ္ပာယ်ဖွင့်ဆိုထားပြီးဖြစ်ကြောင်း၊ ရှေးဟောင်း အဆောက်အဦနှင့်ပတ်သက်၍ လွယ်ကူစွာပြောရမည် ဆိုပါက မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်ဆိုသည့် စကားလုံးများပါဝင်ကြောင်း၊ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိသည့် အရာဝတ္ထု ပစ္စည်းများနှင့် လူနေအဆောက်အဦများကိုဆိုလိုကြောင်း၊ ယင်းတို့ ဖြိုဖျက်ခဲ့သည့် မြို့တော်ဝန် အိမ်သည် ၁၉၀၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ပြင်ဦးလွင်မြို့မှ သော်ကအဆောက်အဦ၊ ၁၈၇၁ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပဲခူးကလပ်အဆောက်အဦ၊ ၁၉၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် မြိတ်မြို့ရှိ ဦးဝင်းဗိုလ် (ဦးကိုင်ကို) နေအိမ်နှင့် စစ်တွေမြို့တွင် ရှိသော “မြ တည်းခိုခန်း၊ ၁၉၀၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ကသာအရေးပိုင် နေအိမ်တို့နှင့် ပုံစံ အတူတူပင်ဖြစ်ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီမှဖြိုဖျက်ခဲ့သည့် မြို့တော်ဝန်အိမ်သည် ၁၉၀၀ ပြည့်နှစ်နှင့် ၁၉၂၀ ကိုလိုနီ ခေတ်ကာလအတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပေါင်း ၁၀၅ နှစ်မှ ၁၁၅ နှစ်သက်တမ်းရှိသော အဆောက်အဦ ဖြစ်ကြောင်း၊ မိမိပြောကြားခဲ့သည့် ပဲခူးကလပ်အဆောက်အဦ၊ သော်ကအဆောက်အဦများနှင့် ပုံစံတူဖြစ်ခြင်းကြောင့်၎င်း အဆောက် အဦသည် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသည့်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပြန်လည်စိစစ်ရာတွင် ရှေးဟောင်း အဆောက်အဦ ဖြစ်သည်ကိုတွေ့ရှိခဲ့ကြောင်း၊ ရှေးဟောင်းအဆောက်အဦများနှင့် ပတ်သက်၍ ပုဒ်မ ၂၄ နှင့် ပုဒ်မ ၁၉ (က) တို့အရ ရှေးဟောင်းအဆောက်အဦနှင့် သတ်မှတ်ထားသည့် ပရိဝုဏ်အတွင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ စာဖြင့်ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းအဆောက်အဦအား ဖျက်ဆီးခြင်း၊ ပျက်စီးအောင်ဆောင်ရွက်ခြင်းမပြုရဆိုသည့် အချက် အား ပုဒ်မ ၁၉ (က) တွင် ပြဋ္ဌာန်းထားကြောင်း၊ ထို့အတူ ပုဒ်မ ၂၄ တွင်လည်း ထိုပြစ်မှုများ ကျူးလွန်ခဲ့ပါက ရာဇဝတ်မှု မြောက်ကြောင်း၊ အနည်းဆုံးပြစ်ဒဏ်မည်မျှချမှတ်ရမည်ကို ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ယင်းကိစ္စကို တပ်မတော်က ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဗဟန်းမြို့မရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကြောင်း၊ ပုဒ်မ ၂၄ အရ ရဲအရေးယူပိုင်ခွင့်ရှိသည့် အမှုဖြစ်သောကြောင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်စွဲဆိုခဲ့ပြီး ဥပဒေအရတရား စီရင်နိုင်ရန်အတွက် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဖြေကြားသည်။

ဆက်လက်၍ ဒုတိယမေးခွန်းကို ဆက်လက်ဖြေကြားရမည် ဆိုပါက အဆိုပါမေးခွန်းသည် ခြုံငုံ၍ ဖြေကြားရမည့်မေးခွန်းဖြစ် ကြောင်း၊ နိုင်ငံရေးထွက်ပေါက်ဆိုသည့် စကားလုံးသည် ယခင် နဝတ၊ နယကခေတ်ကတည်းကပင် ခေတ်စားခဲ့သည့် စကားလုံးဖြစ် ကြောင်း၊ Exit Strategy ထွက်ပေါက်မဟာဗျူဟာဟု ပြောကြကြောင်း၊ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လွှတ်တော် အထဲတွင်ထားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် နိုင်ငံရေးနယ်ပယ်မှထွက်ခွာ၍ Professional လိုင်းသို့ပြောင်းရန် အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဆိုသည့် သုံးသပ်ချက်များ လည်းရှိကြောင်း၊ ယင်းသုံးသပ်ချက်များကို မိမိအနေဖြင့် ဝေဖန်မှုများ မပေးလိုကြောင်း၊ နိုင်ငံရေးထွက်ပေါက်ဟူသည့် စကားလုံးနှင့် ပတ်သက်၍ ပြောလိုသည်မှာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော် အသီးသီးတွင် မတူညီသည့် သမိုင်းကြောင်းများရှိကြောင်း၊ မြန်မာ့ တပ်မတော်သည် မြင့်မြတ်သည်ဟု မပြောလိုကြောင်း၊ ကိုလိုနီ လက်အောက်တွင် ကျရောက်ခဲ့သည့် နိုင်ငံများရှိ တပ်မတော်များ သည် ကိုလိုနီ လက်အောက်မှလွတ်မြောက်ရန်အတွက် ပြည်သူ လူထုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော် သည်လည်း အလားတူပင်ဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ကို စတင်ထူထောင်ကတည်းက မျိုးချစ်စိတ်ရှိသော လူငယ်များနှင့် ရဲဘော်သုံး ကျိပ်ဝင်များပူးပေါင်း၍ စတင်ဖွဲ့စည်း ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲဘော်သုံးကျိပ်ဝင်များ သည်လည်း နိုင်ငံရေးတွင် တက်ကြွစွာပါဝင်သည့် ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်းခဲ့သည့် တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေး မရမီကပင် နိုင်ငံရေးနှင့်ယှဉ်တွဲ ပါဝင်ခဲ့ကြောင်း၊ အလားတူ သမိုင်းကြောင်းများကို ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ဖူး သည့်နိုင်ငံများရှိ တပ်မတော်များတွင် တွေ့နိုင်ကြောင်း၊ နိုင်ငံရေး အနည်းငယ်ဖြစ်စေ၊ အများအပြား ဖြစ်စေပါဝင်ပတ်သက် ရကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်အတွက်ကြောင့် နိုင်ငံရေးတွင်ပါဝင် ပတ်သက်သလဲဆိုသည့် မေးခွန်း၏ဇာစ်မြစ်က ပိုသိမှသာလျှင် သတင်းထောက်ကြီးပြောသည့် နိုင်ငံရေးထွက်ပေါက်ကိုလည်း သိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံရေး တွင် မည်သည့်အတွက်ကြောင့် ပါဝင်ပတ်သက်နေသည်ကို ထဲထဲဝင်ဝင်သိရန်လိုကြောင်း၊ လွတ်လပ်ရေး သမိုင်းကြောင်းတွင် ပါဝင်ပတ်သက်ခဲ့သော်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် မပါဝင်တော့သည့် တပ်မတော်များလည်းရှိကြောင်း၊ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် မည်သည့်စနစ်ကျင့်သုံးခဲ့သည်ကို သိရန်လိုကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး ခေါင်းဆောင်များ သွားရောက်အရေးဆိုသောကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးအတွက် ကြိုတင်ပြင်ဆင်သည့် ကာလတွင်တိုင်းပြု ပြည်ပြုလွှတ်တော်များ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းတိုင်းပြု ပြည်ပြု လွှတ်တော်တွင် မည်သူက မည်သည့်အကြောင်းကို တင်ပြခဲ့ သည့် သမိုင်းကြောင်း များရှိကြောင်း၊ ထို့နောက် မိမိတို့နိုင်ငံတွင် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိရန် အောင်ဆန်း- အက်တလီစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက်ပိုင်း နုအက်တလီစာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ ထိုစာချုပ်ထဲတွင် တပ်မတော်နှင့်ပတ်သက်သည့် အကြောင်း အရာများနှင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ အသေးစိတ်ပါဝင်ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော်သည်နိုင်ငံရေးတွင် မည်သည့်အတွက်ကြောင့် ပါဝင် ပတ်သက်ရသည်ကို သိရှိကြရန်လိုကြောင်း၊ သတင်းထောက်ကြီးများ မကြာခဏပြောလေ့ ရှိသည့် စစ်ဘောင်ကျယ်သည် ဆိုသည့် အကြောင်းအရာနှင့် ဆက်စပ်နေကြောင်း၊ နိုင်ငံရေး ဘောင်မကျယ်ဘဲ စစ်ဘောင်ကျယ်ရသည့် အကြောင်းရင်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်း အယူဝါဒရေးရာနှင့် တိုင်းရင်းသားရေးရာအရ ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက် လာခြင်းကြောင့်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ယှဉ်တွဲ ပေါ်ပေါက်လာသည့် ပြည်တွင်းစစ် ပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်း ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု စာရေးဆရာများရေးလျှင် တစ်ကြောင်းတည်းနှင့်ပြီးကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးမှ သောင်းကျန်းသူ (သူပုန်) ပေါ်ခြင်းမဟုတ်ကြောင်း၊ လွတ်လပ်ရေးမရခင်ကတည်းက သောင်းကျန်းသူ (သူပုန်) ပေါသည်မှာ အခြားနိုင်ငံများနှင့်မတူညီကြောင်း၊ မြန်မာနိုင်ငံအစိုးရဟု မပေါ်ပေါက်ခင် ဖဆပလမှ ထူထောင်သည့် တိုင်းပြုပြည်ပြုလွှတ်တော်များ စတင်ပေါ် ပေါက်လာကတည်းကပင် ထိုသူများကိုဆန့်ကျင်မည့် သူပုန်များ ပေါ်ပေါက်နေပြီဖြစ်ကြောင်း၊ ရခိုင်တွင် ဦးစိန္တာနှင့် ဗုံပေါက်သာကျော်တို့ဦးစီးသည့် အလံနီကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းကပင် လွတ်လပ်ရေးရလျှင် ဖြစ်ပေါ်လာမည့်အစိုးရကို ကြိုတင်ဆန့်ကျင်မည့် အဖွဲ့များရှိကြောင်း၊ ရခိုင်မြောက်ပိုင်းတွင်ရှိသည့် မူဂျာဟစ် အဖွဲ့သည်လည်း လွတ်လပ်ရေးမရခင်ကတည်းကပင် ကြိုတင် ဆန့်ကျင်နေကြကြောင်း၊ ပျဉ်းမနားဒေသတွင်ရှိသည့် အလံနီအဖွဲ့ တချို့ဆိုလျှင်လည်း အလားတူပင် တော်လှန်နေပြီ ဖြစ်ကြောင်း၊ စာဖြင့်သမိုင်းတွင် ခဲ့သည့် အဖွဲ့သုံးဖွဲ့ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရခင်ကတည်းကပင် သူပုန်များ ပေါ်ပေါက်ရန်အတွက် ကြိုတင်စရန်ရိုက်ထားသည့် တိုင်းပြည်ဟု ပြောလိုကြောင်း၊ လွတ်လပ်ရေးမရမီ ၃ လခန့်ကပင် ကြိုတင် စရန်ရိုက်ထားကြောင်း၊ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရရှိပြီး ယင်းနှစ် မတ်လတွင် ကွန်မြူနစ်အဖွဲ့က တောခိုသွားကြောင်း၊ နောက်ပိုင်းတွင် KNDO ကဲ့သို့သော အဖွဲ့များပေါ်ပေါက်လာခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ Professional Army ဖြစ်ရန်အတွက် ပထမဆုံး လိုအပ်ချက်မှာ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး ဖြစ်သည်ဟု မိမိထင်ကြောင်း၊ သတင်းထောက်ကြီးမေးသည့် တပ်မတော်၏ ထွက်ပေါက်ဆိုသည်မှာ တပ်မတော်က လုပ်ဆောင်နေ သည့်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် အဓိကအကျဆုံး ပြဿနာဖြစ်ကြောင်း၊ အများပြောနေသည့် စစ်ဘက်နယ်ဘက် ဆက်ဆံရေးဟုပြောသည် ဖြစ်စေ၊ တပ်မတော်အနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ရဟူသည့် ရည်မှန်းချက်၊ ရည်ရွယ်ချက်ဖြစ်စေ၊ မည်သို့ပြောသည်ဖြစ်စေ မိမိတို့ ပထမဆုံးဖြေရှင်းရမည့် ပြဿနာမှာ မြန်မာနိုင်ငံတွင်ဖြစ်ပွား ခဲ့သည့်၊ ဖြစ်ပွားနေဆဲဖြစ်သည့်၊ လက်နက်ကိုင်ပဋိပက္ခများကို အရင်ဆုံး ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွား နေသည့် လက်နက်ကိုင်ပဋိပက္ခများတွင် မည်သည့်အကြောင်း အရာကို အသုံးချနေသည်ဆိုသည့် အချက်ကိုကြည့်၍ ထိုအချက် ကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ မိမိအမြင် ပြောရလျှင် မကျေနပ်မှုနှင့် နိုင်ငံရေးကို အသုံးချနေသည်ဟု ထင်မြင်မိကြောင်း၊ မကျေနပ်မှုနိုင်ငံရေးနှင့် ပတ်သက်၍ မိမိပြောလိုသည်မှာ လူထု၏စိတ်ထဲတွင်ဖြစ်စေ၊ တိုင်းရင်းသားများ၏ စိတ်ထဲတွင်ဖြစ်စေ ဖြစ်ပေါ် နေသည့် မကျေနပ်နိုင်မှုများကို ပိုမိုနှိုးဆွ၍ လက်နက်ကိုင် ဖြစ်အောင် တိုက်တွန်းနေသည့်၊ လက်နက်ကိုင်ဖြစ်အောင် လမ်း ကြောင်းပေးနေသည့်ကိစ္စများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယခု လက်နက်ကိုင်ပြီး ဆောင်ရွက်နေသည့်အဖွဲ့များ၊ လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်နေသည့် အဖွဲ့များ၏ စိတ်ထဲတွင်ရှိနေသည့် မကျေနပ်မှုများကို အနည်းဆုံးအဆင့်သို့ လျှော့ချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုအဖွဲ့၊ လုပ်ငန်းအဖွဲ့၊ ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်နေကြောင်း၊ အဆိုပါ အဖွဲ့များအနေဖြင့် မည်သည့်အချက်ကိုလိုချင်သည်၊ မည်သို့ဖြစ်ချင်သည်၊ မည်သည့် ကိစ္စများကို ပူးပေါင်းဆောင်ရွက်မည်ဆိုသည့် အဆင့်များမှ သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု အလေးထားသတ်မှတ်ပြီး လက်နက်ကိုင်ပဋိပက္ခများ လျှော့ချနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ အရင်းအမြစ်များကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယင်းကိစ္စများနှင့် ဆက်စပ် ဆောင်ရွက်ရမည့်ကိစ္စမှာ ရွေးကောက်ပွဲကိစ္စဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးနေရာအနှံ့အပြားတွင် အခြေခံ ဥပဒေ၏ ပုဒ်မ ၇ အရ တစ်နိုင်ငံလုံးတွင် စစ်မှန်ပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဆိုသည့် စာကြောင်း တစ်ကြောင်းကို အဓိပ္ပာယ်ဖွင့်မည်ဆိုပါက များစွာရရှိမည်ဖြစ် ကြောင်း၊ မိမိတို့ပြည်သူလူထုလိုလားသည်မှာ ၁၉၈၈ တွင်လည်း ပါတီစုံ ဒီမိုကရေစီစနစ်ကို တောင်းဆိုခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို ထိုအချိန်က ရှိခဲ့သည့်အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်ပေးခဲ့ရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးရန် လိုလား သည်ဆိုပါက ပါတီများအနေဖြင့် လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်ရှိ ရမည်ဖြစ်ကြောင်း၊ ပြည်သူများသည်လည်း လွတ်လပ်စွာဖြင့် အကြားအလပ်မရှိ မဲပေးပိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း၊ မည်သည့်ဒေသ ကိုမျှ ချန်လှပ်၍မရကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ လျှော့ချနိုင်ရန်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အကြားအလပ်မရှိအောင် ကျင်းပ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။       

 (ဆက်လက်ဖော်ပြပါမည်)