Skip to main content

ပြည်တွင်းခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိသည့် အနုပညာရှင်များ စီးနင်းလိုက်ပါလာသည့် မီးရထားကို PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲတိုက်ခိုက်

နေပြည်တော် မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော်အနုပညာရှင်များ ပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံ ပို့ဆောင်ပေးလျက်ရှိသည်။

အဆိုပါ အနုပညာရှင်များပါဝင်သည့် အဖွဲ့သည် ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်ခန့်တွင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ မြန်မာ့မီးရထား စက်ခေါင်းအမှတ် DF - 2078 ရထားအမှတ် DDUEZ 12370 လူစီးအထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်း တစ်တွဲ ၊ ဘရိတ်တွဲတစ်တွဲ ပါဝင်သည့် မီးရထား ဖြင့် သွားရောက်လည်ပတ်၍ မှတ်တမ်းဓာတ်ပုံဗီဒီယိုများ ရိုက်ကူးပြီး မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ဂန့်ဂေါနှင့် ဆင်လမ်းစုကျေးရွာအကြား ဘန့်ဘွေးရွာ၏အနောက်မြောက်ဘက် မီတာ ၂၂၀၀ ခန့်အကွာသို့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ချိန် ရောက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ရီမုမိုင်း ၁ လုံးဖြင့် အဝေးမှ နှောင့်ယှက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် အနုပညာရှင်များ၊ လုံခြုံရေးလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် မီးရထား ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် အထက်တန်း ၂ တွဲမြောက်၏ ကြမ်းခင်း ပွင့်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကိုအဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်သူ လူထုတို့ဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိစဉ် PDF အမည်ခံ အကြမ်းဖက် သမားများအနေဖြင့် အဖျက်အမှောင့်လုပ်ရပ်မျိုးစုံကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများကလည်း ရှုံ့ချလျက်ရှိကြောင်း သိရှိရသည်။

၎င်းအဖျက်လုပ်ရပ်များအပေါ် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများနှင့် ဆက်စပ်သူများအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာမှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ ဆုငွေများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ တည်ငြိမ်အေးချမ်းရေး အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။