Skip to main content

စာမေးပွဲမေးခွန်းများ သယ်ဆောင်လာသည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်း ဟားခါးလေယာဉ်ကွင်းအနီး မတော်တဆမှုဖြစ်ပွား

နေပြည်တော်  မတ်  ၂၉

စာမေးပွဲမေးခွန်းများ ပို့ဆောင်မည့် တပ်မတော်ရဟတ်ယာဉ်တစ်စင်းသည် ဟားခါးလေယာဉ်ကွင်းအနီးတွင် ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၉ နာရီ ၂ဝ မိနစ်ခန့်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရဟတ်ယာဉ်သည် စာမေးပွဲမေးခွန်းများကို ကလေးမြို့မှတဆင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ဟားခါးမြို့လေယာဉ်ကွင်းသို့ ဆင်းသက်သည့်အချိန်တွင် မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News ကို အတည်ပြုပြောကြားသည်။

"သူကတော့ စာမေးပွဲမေးခွန်းတွေပို့တဲ့ ရဟတ်ယာဉ်ဖြစ်တယ်။ စာမေးပွဲမေးခွန်းတွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ နေရာဆိုတော့ တပ်မတော်ရဟတ်ယာဉ်သုံးပြီးပို့တာရှိတယ်။ ဒီနေ့မနက် ၈ နာရီ ၅ဝ လောက်တုန်းက ဒီရဟတ်ယာဉ်က စာမေးပွဲ မေးခွန်းတွေထုတ်တော့ ကလေးကနေတက်တယ်။ ဟားခါးမှာရှိတဲ့ ရဟတ်ယာဉ်ကွင်းကိုသွားတယ်။ ရဟတ်ယာဉ်ကွင်းကိုသွားတော့ ၉ နာရီ ၂ဝ မိနစ်လောက်မှာ ဟားခါးကိုရောက်တယ်။ ရဟတ်ယာဉ်က တောင်ပေါ်ဖြစ်တဲ့အတွက်ကြောင့် အောက်က လေပင့်အားနဲ့ မိသွားတဲ့အတွက် ရဟတ်ယာဉ်က ပြုတ်ကျသွားတယ်။ ရဟတ်ယာဉ်ကွင်းနဲ့ မီတာ ၁ဝဝ လောက်ကွာတဲ့ တောင်စောင်းပေါ်မှာပြုတ်ကျတယ်။ ရဟတ်ယာဉ်အမြီးကျိုးသွားတယ်။ ရဟတ်ယာဉ်လည်း နည်းနည်းတော့လန်သွားတာပေါ့" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အဆိုပါ တပ်မတော်ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူမရှိခဲ့သော်လည်း တပ်မတော်မှ နှစ်ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်း သုံးဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

"သေဆုံးမှုကတော့ မရှိပါဘူး။ ထိခိုက်ဒဏ်ရာရတာ ၅ ယောက်ရှိတယ်။ တပ်က နှစ်ယောက်၊ အရပ်ဘက်က သုံးယောက်ပေါ့။ အရပ်ဘက်က ပညာရေးဝန်ထမ်းတွေများတယ်။ စိုးရိမ်ရ ဒဏ်ရာ မရှိပါဘူး။ ပေါက်ပြဲတာလောက်ပဲရှိတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ရဟတ်ယာဉ်ဖြင့်သယ်ဆောင်လာသည့် တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းများသည် ပျက်စီးမှုမရှိဘဲ တပ်သို့ရောက်ရှိသွားပြီဖြစ်ကာ ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို ကရိန်းဖြင့် ပြန်ဆွဲနေကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Credit-NP News