နေပြည်တော် မတ် ၂၈
(၇၇)နှစ်မြောက် တပ်မတော် နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ ဘောဂသီရိအဝေးပြေး ကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံ တွင် လည်းကောင်း၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်အနီး မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံ တွင် လည်းကောင်း၊ ပင်လောင်း မီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။
အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်း ကြီးသို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် လည်း တပ်မတော်၏ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် စိုက်ထူထားပြီး စစ်ရေးပြ ကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။ စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာ နိုင်ငံတို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ (၇၇)နှစ်မြောက် တပ်မတော်နေ့ တံဆိပ်ကြီးကိုလည်းကောင်း၊ ပန်းအလှများဖြင့်ခြယ်သထားပြီး စစ်ရေးပြကွင်းကြီး အတွင်းတွင်လည်း ဗမာ့လွတ်လပ်ရေးတပ်မတော် အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာန ချုပ်၊ တပ်မဌာနချုပ်အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့ များ၏ ရောင်စုံအလံများကိုလည်း လွှင့်ထူထားသည့် အပြင် မီးထွန်းညှိထားသည့် တပ်မတော်နေ့ မီးရှူး တိုင်ကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။
ထို့အပြင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်စစ်ရေးပြကွင်း ကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှ များဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များနှင့် လက်နက်ပုံစံတူများကို ပြသထားသည်။ ပန်းခြံ အတွင်း ဖိုင်ဘာဖြင့်ပြုလုပ်ထားသည် စစ်သည်ရုပ်တု ငယ်များ၊ ပုံဖော်ထားသည့် ပန်းအလှများ၊ သစ်ပင်များတွင် တပ်ဆင်ထားသည့် မီးရောင်စုံများဖြင့် ပြုလုပ် အလှဆင်ထားရှိရာ လာရောက် အပန်းဖြေလည်ပတ် ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တော်လှန်ရေးပန်းခြံတွင်လည်း မုခ်ဦးများ၊ ပန်းအလှ ပင်များ၊ (ကြည်း၊ ရေ၊ လေ)တံဆိပ်၊ သမိုင်းဝင်စစ်ထွက် သပြေပင်နှင့် မြင်းချည်တိုင် သပြေပင်တို့တွင် မီးအလှများဆင်ထားပြီး (၇၇)နှစ်မြောက် တပ်မတော် နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မီးအလှများ၊ မီးရှူး တိုင်အလှမီးများ၊ တင့်ကားပုံ၊ စစ်ရေယာဉ်ပုံ၊ ရဟတ်ယာဉ်ပုံ၊ တပ်မတော်သုံးအမြောက် ပုံများကို မီးအလှဆင်ပြီး ထွန်းညှိထားရှိသည်။
ထို့ပြင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တို့၌လည်း မီးရောင်စုံများ၊ မီးအလှများဖြင့် ထွန်းညှိ၍ ဂုဏ်ပြုအလှဆင်မှုများ ပြုလုပ်ထားရှိရာ အဆိုပါ နေရာများသို့ လာရောက်အပန်းဖြေ လည်ပတ်ကြသူ များဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်