Skip to main content

ဝန်ထမ်းသစ်များအနေဖြင့် သမိုင်းပေးတာဝန်များကို လက်ဆင့်ကမ်းရယူပြီး ရေရှည်တည်တံ့ အောင်မြင်သော  ဂုဏ်သိက္ခာရှိသည့်ဌာနကြီးအဖြစ် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်

နေပြည်တော် မတ် ၂၈

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းသစ်များကြိုဆိုပွဲနှင့် စွမ်းရည်မြှင့် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အရာထမ်း၊   အမှုထမ်းများနှင့် ဝန်ထမ်းသစ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “MRTV နှင့် ကောင်းသောနေ့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကား ပြောကြားရာတွင်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြောင်းလဲ တိုးတက်နေသော   နည်းပညာ၊   အတတ်ပညာများနှင့်အညီ စီစဉ် တင်ဆက်လျက်ရှိသည့် သတင်းနှင့်   အစီအစဉ်များ အရည်အသွေး ပိုမိုကောင်းမွန်စေရန်၊ Content ပိုင်းဆိုင်ရာ အသစ်အသစ်များ ဖန်တီး ထုတ်လုပ်နိုင်ရန်အတွက် ဝန်ထမ်းအင်အားများ ပြည့်မီအောင် ဖြည့်တင်း ရေးနှင့် ဝန်ထမ်းသစ်များ စွမ်းဆောင်ရည်မြှင့်တင်ရေးကို အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း၊  MRTV ၏ လုပ်ငန်းစဉ်များသည် တစ်ဦး တစ်ယောက်၊ တစ်ဖွဲ့တည်းနှင့် လုပ်ဆောင်၍မရဘဲ အားလုံးပူးပေါင်း လုပ်ဆောင်မှုနှင့်သာ   အကောင်အထည်ဖော်   ဆောင်ရွက်ရသည်ကို တွေ့မြင်ရမည် ဖြစ်ကြောင်း။

ကြိုးပမ်းဆောင်ရွက်

ဝန်ထမ်းသစ်များအနေဖြင့်   ဝန်ထမ်းတစ်ဦး    လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာစောင့်ထိန်းကြရန် လိုအပ်ပြီး   စဉ်ဆက်မပြတ်   လေ့လာသင်ယူရင်း   စွမ်းဆောင်ရည် ပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းလိုကြောင်း၊ ခေတ်အဆက်ဆက်တွင် MRTV ၏ ဝန်ထမ်းများက တာဝန်ကျေပွန်ခဲ့ကြသကဲ့သို့ မျိုးဆက်သစ် ဝန်ထမ်းများဖြစ်သည့် ဝန်ထမ်းသစ်များအနေဖြင့်လည်း သမိုင်းပေးတာဝန်များကို လက်ဆင့် ကမ်းရယူပြီး ရေရှည်တည်တံ့အောင်မြင်သော  ဂုဏ်သိက္ခာရှိသည့် ဌာနကြီးအဖြစ် ဆက်လက်ရှင် သန်ရပ်တည်နိုင်ရန် ကြိုးပမ်းဆောင်ရွက် ပေးကြစေလိုကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့်လည်း   မြန်မာ့အသံနှင့်   ရုပ်မြင်သံကြားကို တန်ဖိုးထားပါ ကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (၇၅)နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားသို့ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး နိုင်ငံတော်အတွက် ထာဝရတည်ရှိ နေမည့် နိုင်ငံတော်က အားထားရ သော၊   ပြည်သူကအားကိုးရသော   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဖြစ်စေရန် လမ်းညွှန်မှာကြားခဲ့ကြောင်း။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ရေခံမြေခံကောင်းမွန်မှုနှင့်အတူ ဝန်ထမ်းသစ်များ၏  ခွန်အားသစ်များ၊ ကြိုးစားဆောင်ရွက်မှုများဖြင့် ဝန်ထမ်းသစ်များ၏   ဘဝများလည်း   တိုးတက်ပါစေ၊  MRTV လည်း (၇၆)နှစ်မြောက်မှသည်  ရာစုနှစ်ပေါင်းများစွာအထိ အောင်မြင်မှုများနှင့် ဆက်လက်လျှောက်လှမ်းနိုင်ပါစေ၊     ပြည်သူ့အကျိုးပြုဝန်ဆောင်မှု လုပ်ငန်းများကိုလည်း ဆက်လက်ပေးစွမ်းနိုင်ပါစေဟု ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ဖျော်ဖြေတင်ဆက်

ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝန်ထမ်းများက “သီချင်းများပေါင်းစပ်   တစ်ခန်းရပ်ပြဇာတ်”   တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ယင်းနောက်  မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ဝန်ထမ်းသစ်များအတွက် ရုံးဝတ်စုံ လုံချည်များ ပေးအပ်သည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဝန်ထမ်းများက “ရှင်သန်နေမည် MRTV”တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက်   ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့သည်    သင်တန်းသား သင်တန်းသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းသစ်များ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းကို မတ် ၂၈ မှ ဧပြီ ၁ ရက်အထိ ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသို့   ရုပ်သံကျွမ်းကျင် (၂)၊ အသံလွှင့်ကျွမ်းကျင် (၂)၊ အနုပညာရှင် (၂)၊ အငယ်တန်းအင်ဂျင်နီယာ (၂)၊ ရုပ်သံကျွမ်းကျင် (၄)၊ စက်မှုကျွမ်းကျင် (၄)၊ အငယ်တန်းစာရေးနှင့်  နေ့စားဝန်ထမ်း စုစုပေါင်း ၂၈၄ ဦး   တက်ရောက်ကြမည်ဖြစ်ပြီး   သင်တန်းတွင်   ဝန်ထမ်းများ လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်စည်းကမ်း၊ ဌာနခွဲများအလိုက် လုပ်ငန်းတာဝန်များ ခွဲခြားလုပ်ဆောင်မှုများကို သိရှိနိုင်ရန် ပြည်ထောင်စု ရာထူးဝန်အဖွဲ့များမှ ဆရာ ဆရာမများနှင့် ဌာနမှ အရာထမ်းများကသင်ကြားပို့ချပေးကြမည်ဖြစ်သည်။

နေ့လယ်စာကို အတူတကွ သုံးဆောင်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းသစ်များနှင့်အတူ Office Canteen တွင် နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဟာသင်္ကြန်တွင် နေပြည်တော်ရှိ မဏ္ဍပ်များ၌  လှည့်လည်သီဆိုကပြဖျော်ဖြေကြမည့် ပြန်ကြားရေးဝန်ကြီးဌာနကိုယ်စားပြု မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ သင်္ကြန်ယိမ်းအကများ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးပြီး ယိမ်းအဖွဲ့များအလိုက် ဆုငွေများ ပေးအပ်သည်။ 

ယင်းနောက် MRTV DTH စနစ်အတွက် စက်ပစ္စည်းများ ပြင်ဆင် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပင်မအဆောက်အဦအတွက်  လေအေးပေးစနစ် တပ်ဆင်ပေးဝေမှုများ စဉ်ဆက်မပြတ် ကောင်းမွန် နေစေရေးအတွက် အဆင့်လိုက် ပြုပြင်ဆောင်ရွက်မည့်အခြေအနေကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ နေ့ကလေးထိန်း ကျောင်းသို့ရောက်ရှိပြီး ဝန်ထမ်းများ၏ သားသမီးများအတွက် စီစဉ် ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုစစ်ဆေးကာ ကလေးများအတွက် သင်္ကြန်ရေပက်ကစားစရာအရုပ်များ ပေးအပ်ခဲ့သည်။   

သတင်းစဉ်