Skip to main content

ငြိမ်းချမ်းရေး အဖြေရှာနိုင်မည့် အခွင့်အခါကောင်းများ မလွတ်စေလို

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် “တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို အားပေး ထောက်ခံတဲ့ အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ အမြဲမပြတ် တွေ့ဆုံ ဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေး ထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်း ရေး တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်” ဟူ၍ ပြောကြားခဲ့သည်။

လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၄ရက်နေ့ဆိုလျှင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ စုစည်းမှု၊ စည်းလုံးညီညွတ်မှု စွမ်းအားဖြင့် ကြိုးပမ်းရယူခဲ့သည့် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေး သက်တမ်းမှာ ၇၅ နှစ်ပြည့် စိန်ရတုကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ လွတ်လပ်ရေးရပြီးခဲ့သည့် ၇၅ နှစ်တာ ကာလအတွင်း မိမိတို့နိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခများအတွင်း ကျရောက်ခဲ့ရပြီး တည်ငြိမ်အေးချမ်းမှုကို အပြည့် အဝမရရှိခဲ့ခြင်းက နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နိမ့်ကျနေရခြင်း၏ အဓိကအကြောင်းရင်းခံပင် ဖြစ်သည်။ ထို့အပြင် မျက်မှောက်ကာလတွင် ပြောင်းလဲလာနေသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများ အကြားတွင် မြန်မာနိုင်ငံသည် စည်းလုံးညီညွတ်ပြီး သာယာဝပြောသည့် နိုင်ငံ၊ အင်အား ခိုင်မာ တောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံအဖြစ် ရပ်တည်သွားနိုင်ရန် လွန်စွာအရေးကြီးလျက်ရှိပြီး စည်းလုံးညီညွတ်မှုလျော့ရဲကာ သူတစ်လူ ငါတစ်မင်း စစ်နွံအတွင်း ကျရောက်သွား မည်ဆိုပါက တစ်စစီပြိုကွဲကာ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ် သွားမည်ဖြစ်သည်။ သို့ဖြစ်သည့်အတွက် တိုင်းပြည်၏ လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် နိုင်ငံသာယာဝပြောရေးအတွက် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို တပ်မတော်က အလေးအနက်ထား ကြိုးပမ်းနေခြင်းပင် ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက် လက်တွေ့ကျသော ဆောင်ရွက်ချက်အနေဖြင့် တပ်မတော်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစကာ ယခုနှစ် နှစ်ကုန်ပိုင်းအထိ လေးနှစ်ကျော်ကြာ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုကို ရပ်စဲထားသည့်အပြင် ကြိုတင်ကန့်သတ် ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်လည်း ဖိတ်ခေါ်ကမ်းလှမ်းထားသည်။ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် ပါဝင်သည့် သဘောတူညီချက်များအတိုင်း တပ်မတော်က ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်သွားမည်ဖြစ်ရာ NCA သည် သာမန် အပစ်အခတ်ရပ်စဲရုံမျှ သဘောတူ စာချုပ်မျိုးမဟုတ်ဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကြီးဆီသို့ ဦးတည်သွားရမည့် နိုင်ငံရေးလမ်းပြမြေပုံလည်း ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့ အစည်းတို့အနေဖြင့် အခွင့်သာခိုက် လိုက်ပါလျှောက်လှမ်းကြခြင်းဖြင့် ပြည်သူ့အကျိုး၊ ဒေသအကျိုး၊ ပြည်ထောင်စု၏ အကျိုးတို့ကို ဆောင်ကြဉ်းနိုင်ကြမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် တပ်မတော် က ဦးဆောင်သည့် အိမ်စောင့်အစိုးရဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးပွဲများတွင် ပို၍ပင် ခရီးပေါက်နိုင်ကြမည်ဖြစ်သည်။ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် လက်နက်ကိုင် ပဋိပက္ခများ ပျောက်ကွယ်သွားကာ ဒေသတည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်ပေါ်လာသည့် သာဓကများလည်းရှိပြီး ဖြစ်သည့်အလျောက် ထာဝရငြိမ်းချမ်းရေးသို့ ဦးတည်ကာ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးနိုင်ကြပါစေကြောင်း။