Skip to main content

တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု (ဖိုရမ်)ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၂၈

တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုတည်ဆောက်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုခိုင်မာလာစေရေး ရည်ရွယ်၍ တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှု(ဖိုရမ်)ဖွင့်ပွဲ အခမ်းအနားကို မတ်လ (၂၈)ရက်နေ့၊ နံနက်(၉:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်ဒေါက်တာဆလိုင်းအန်ဒရူးငွန်ကျုံးလျန်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ Facilitator (ကူညီဆောင်ရွက်ပေးသူ)များ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုမိုရရှိရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အထောက်အကူပြုစေရေးအတွက် ဆောင်ရွက်သင့်သည့် အချက်များကို သိရှိပြီးသက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက် နိုင်ရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေရန်၊ အနာဂတ်နိုင်ငံတော် အေးချမ်း သာယာစေရန်၊ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းဖလှယ်၍ ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ချက်များဖြင့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များတွင် တိုင်းရင်းသားရေးရာဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များအားဖိတ်ခေါ်၍ တွေ့ဆုံဆွေးနွေးမှု (ဖိုရမ်)ကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဖိုရမ်ကျင်းပသည့်(၂)ရက်တာကာလအတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee - UPDJC) သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သင့်သည့်အချက်များ၊ တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာ သုံးသပ်ခြင်းများ၊ ဒေသအလိုက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုစေမည့် ဆောင်ရွက်သင့်သည့်အချက်များ စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးကြသည့် ခေါင်းစဉ်များအလိုက် လက်ရှိမြေပြင်အခြေအနေများနှင့် ကိုက်ညီသည့် ဆောင်ရွက်သင့်သည့်အချက်များ၊ ဆောင်ရွက်ရမည့်အချက်များ၊ အရင်းအမြစ်များ ရရှိနိုင်မှု ရှိ/မရှိနှင့် အရင်းအမြစ်များ ရရှိနိုင်သည့်ဌာနများ၊ အဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက် ရမည့်အချက်များ၊ သက်ဆိုင်သူများအားလုံး ပါဝင်လာစေရေးနှင့် မိမိတို့ဆောင်ရွက်ပေးနိုင်သည့် အချက်များစသည့် အခြေအနေများကို အုပ်စုလိုက်ဆွေးနွေး၍ အကျိုးရလဒ်များ ဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသည့် အကျိုးရလဒ်များကို အခြေခံ၍ နိုင်ငံတော်က ချမှတ်ထားသည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် မိမိတို့အနေဖြင့် ပိုမို၍ ပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်သဖြင့် ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဖွင့်ပွဲအခမ်းအနား ပြီးမြောက်ခဲ့ပါသည်။

ပထမနေ့ နံနက်ပိုင်းဆွေးနွေးမှုအစီအစဉ်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က UPDJC သုံးပွင့်ဆိုင်မှ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ အပိုင်း(၁) ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သည့် အချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တိုင်းရင်းသားရေးရာနှင့် NCA ဆိုင်ရာသုံးသပ်ခြင်း အပိုင်း(၁)ကို ဆွေးနွေးရာတွင် ကမ္ဘာ့နောက်ခံနှင့် မြန်မာ့နောက်ခံ သမိုင်းကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့ပြီး ကိုလိုနီစနစ်ကြောင့် သွေးခွဲအုပ်ချုပ်မှုကို ဖြစ်စေခဲ့ကြောင်း၊ ဝါဒရေးရာတိုက်ပွဲများကြောင့် နိုင်ငံများ ပြိုကွဲခဲ့ကြရကြောင်း၊ ယနေ့ခေတ် အခါတွင် ကမ္ဘာ့နိုင်ငံများသည် အမျိုးသားလုံခြုံရေး၊ အမျိုးသား အကျိုးစီးပွားတို့ကို ရှေ့တန်းတင်လာကြကြောင်း ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းအန်ဒရူးငွန်ကျုံးလျန်က ဒေသအလိုက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် တက်ရောက်လာကြ သူများက အုပ်စု (၃)စုခွဲ၍ (က)ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များ၏ မြေပြင်အခြေအနေ၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၊ (ဂ)တိုင်းရင်းသားစည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များ ပိုမိုအားကောင်းလာစေရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့်အခြေအနေများကို ခေါင်းစဉ်များအလိုက် ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

အဆိုပါဖိုရမ်မှ ပညာရှင်များ မျှဝေပေးသော နည်းလမ်းကောင်းများကို တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းရင်းသားကိုယ်စားလှယ် များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် ရန်အတွက် အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ပါသည်။ ဖိုရမ်ကို မတ်လ ၂၈ ရက်နေ့မှ ၂၉ ရက် နေ့အထိ (၂)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။