နေပြည်တော် မတ် ၂၈
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် အကြိုစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
စာတမ်းဖတ်ပွဲအခမ်းအနား၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ မျှော်မှန်းချက်နှင့်အညီ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်လာစေရေး ဦးတည်လျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ ပြည်သူ့ဘဏ္ဍာငွေများ အပြည့် အဝရရှိခံစားနိုင်စေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စီးပွားရေးနှင့်လူမှုရေး ဆိုင်ရာ ကဏ္ဍများတွင် သုံးစွဲခဲ့သည့် သာမန်နှင့် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များကို မှန်ကန်ထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရေးတို့အတွက် စစ်ဆေးရေးစံများကို အခြေခံ၍ စစ်ဆေးခြင်းနှင့် အစီရင်ခံ တင်ပြခြင်းသည် ဤရုံး၏ တာဝန်ဖြစ်ပါကြောင်း။
ယနေ့စာတမ်းဖတ်ပွဲတွင် စစ်ဆေးရေးဆိုင်ရာ၊ နည်းပညာနှင့်လူ့စွမ်းအား အရင်းအမြစ် တိုးတက်ရေး ဆောင်ရွက်မှုဆိုင်ရာ၊ နိုင်ငံတကာနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများစသည့် ကဏ္ဍပေါင်းစုံမှ စာတမ်းများကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း၊ သို့ပါ၍ ယခုစာတမ်းဖတ်ပွဲမှ ရရှိသည့် အတွေ့အကြုံ၊ ဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင် တွင် ပြန်လည်အသုံးချ၍ ရည်မှန်းချက်ကို ဦးတည်သော စစ်ဆေးရေး လုပ်ငန်းစဉ်များကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်စေရန်နှင့် သင်ခန်းစာများ ဖော်ထုတ်နိုင်စေရန်အတွက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒေါ်မြတ်ဖြူပြာကြည်၊ ညွှန်ကြားရေးမှူး(စစ်ဆေးရေးဦးစီးဌာန)က စစ်ဆေးရေးလုပ်ငန်း အပေါ် စိစစ်သုံးသပ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခိုင်ဖြိုးဝေ၊ ဒုတိယညွှန် ကြားရေးမှူး (မကွေးတိုင်းဒေသကြီး)က ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်ကြောင့် ဖြစ်ပေါ်လာသည့် စစ်ဆေးတွေ့ရှိချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ကေခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (စစ်ဆေးရေးဦးစီးဌာန)က Pilot IT Audit စစ်ဆေးဆောင် ရွက်မှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သီတာဟန်၊ ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေး ဦးစီးဌာန)က စာရင်းစစ်နှင့်စာရင်းစစ်အန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်မြသက်မွန်၊ ဒုတိယညွှန်ကြားရေးမှူး (စစ်ဆေးရေးဦးစီးဌာန) က Cooperative Audit များတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်မှု အတွေ့အကြုံများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်စိုး၊ ညွှန်ကြား ရေးမှူး(စစ်ဆေးရေးဦးစီးဌာန)က စစ်ဆေးရေးလုပ်ငန်းပေါ် စိစစ်သုံးသပ်ခြင်း (QAR) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်အိမွန်အောင်၊ ဒုတိယညွှန်ကြားရေးမှူး (သင်တန်းကျောင်း)က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း စာတမ်းများ ဖတ်ကြားဆွေးနွေးကြသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အကြိုစာတမ်း ဖတ်ပွဲအခမ်းအနား ဒုတိယနေ့အဖြစ် မတ် ၂၉ ရက်တွင် စာတမ်းရှင်(၈)ဉီး တို့က သက်ဆိုင် ရာခေါင်းစဉ်အလိုက် ဆက်လက် ရှင်းလင်းဖတ်ကြားမည်ဖြစ်ပြီး အကောင်းဆုံး စာတမ်းရှင်(၃) ဦးအား ရွေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)