နေပြည်တော် မတ် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် (ရုံးချုပ်)မှ Help Line တာဝန်ကျဝန်ထမ်းများ “ကျား၊ မအခြေပြု အကြမ်းဖက် မှုဖြစ်ရပ်များ ဖြေရှင်း ဆောင်ရွက်မှုဆိုင်ရာ သင်တန်း(အပတ်စဉ်-၂)” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူပုဂ္ဂိုလ်များကို ဝန်ဆောင်မှု ပေးနေသည့်ဌာနဖြစ်သည့်အတွက် မိမိတို့ပေးသည့် ဝန်ဆောင်မှုများမှာ စနစ်ကျရန် အရေးကြီးပါကြောင်း၊ အကူအညီတောင်းခံ လာသူများမှာ လိုအပ်ချက်မတူသည့်သူများ ဖြစ်သဖြင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းနည်းလမ်းများနှင့်အညီ ကူညီ ဆောင်ရွက်ပေးနေသူများ ဖြစ်သည့် အတွက် sympathy/empathy ရှိရန်လိုအပ်ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို sympathy/empathy ဖြင့် ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ Help Line ကို ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၈၀)ရှိပြီး အိမ်တွင်းအကြမ်းဖက်မှု Case များ ပိုများမည်ဖြစ်ပါကြောင်း။
Help Line ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများက ဆက်သွယ်လာသော သူများကို ပြေပြေ ပြစ်ပြစ်ပြောဆိုရန် စိတ်ရှည်နားထောင်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကူညီဖြေရှင်းပေးလိုက်သည့် အတွက်ကြောင့် ၎င်းတို့၏ ပြဿနာဒုက္ခများ လျော့ပါးသွားပါက ကူညီဖြေရှင်း ဆောင်ရွက် ပေးနိုင်မှုအတွက် ပီတိဖြစ်တတ်ရန် လို့အပ်ပါကြောင်း၊ တိုင်ကြားလာသည့် အမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက Case Manager များ အနေဖြင့် ဖြေရှင်းပေးခြင်း၊ ညွှန်းပို့ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေး ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများအတွက် မှတ်တမ်းမှတ်ရာများ ကိုလည်း ကောင်းစွာ ထိန်းသိမ်းတတ်ရန် လိုအပ်ပါကြောင်း။
ယခု သင်တန်းသို့ တက်ရောက်မည့်သူများတွင် လက်တွေ့လုပ်ငန်းဆောင်ရွက်သူများပါသည့်အတွက် စာတွေ့လက်တွေ့ပေါင်းစပ်နိုင်မည် ယုံကြည်ပါကြောင်း၊ Help Line ဝန်ဆောင်မှု မှာ အလွန်ပင် အရေးကြီးသည့်အတွက် သင်တန်းသားများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် ယခု သင်တန်းမှ သင်ကြားပေးသည့်အတိုင်း လေးလေးစားစားဖြင့် စနစ်တကျ ဆောင်ရွက် သွားရန် မှာကြား လိုကြောင်း ပြောကြားသည်။
သင်တန်းတွင် သင်တန်းသား/သူ (၂၆)ဦးပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၂၈ ရက်မှ ၂၉ ရက်အထိ (၂)ရက်တာသင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)