နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏(၁၂)ကြိမ်မြောက် သတင်းစာရှင်းလင်း ပွဲကို မတ်လ ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းသည်။
ယမန်နေ့မှအဆက်
ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှရေး ဆိုခွင့်ရှိသူ ဦးခင်မောင်ဦးက ရှင်းလင်းပြောကြားရာတွင် ယခု သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းတင်ပြမည့် အကြောင်းအရာများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပ မည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးဆောင်ရွက်မည့်အခြေအနေနှင့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ မဲဆန္ဒရှင်စာရင်းများ ပြုစုခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation System) ကျင့်သုံးဆောင်ရွက်မည့် အခြေအနေ အကျဉ်းချုပ်များကို ဦးစွာတင်ပြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး ပါလီမန်ဒီမို ကရေစီခေတ်ကာလအပါအဝင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပါတီစုံဒီမိုကရေစီစနစ်ကာလတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲအများဆုံးရသူ အရွေးခံရသည့်စနစ် (First Past the Post (FPTP))၊ တစ်နည်းအားဖြင့် နိုင်သူ အကုန်ယူစနစ် (Winner takes all) ကို ကျင့်သုံးခဲ့ကြောင်း၊ FPTP စနစ်နှင့် ကျင်းပခဲ့သည့် အဆိုပါရွေးကောက်ပွဲများကို လေ့လာခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီတစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရသောမဲများ ၏ ရာခိုင်နှုန်းနှင့် လွှတ်တော်အမတ်ရရှိမှု ရာခိုင်နှုန်း အချိုးအစားကွာဟချက် ကြီးမားခြင်း၊ တစ်နည်းအားဖြင့် အဟော သိကံ၊ လေလွင့်ဆုံးရှုံးသည့်မဲများ သည်ကို တွေ့ရကြောင်း၊ FPTP စနစ်၏ အားနည်းချက်များကြောင့် ကမ္ဘာ့နိုင်ငံအများစု ကျင့်သုံးလျက် ရှိသည့် အချိုးကျကိုယ်စားပြုစနစ် (PR)ကို မြန်မာနိုင်ငံတွင်လည်း ပြောင်းလဲကျင့်သုံးရန် ပထမအကြိမ် လွှတ်တော်သက်တမ်း ကာလကတည်းက ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အချိုးကျကိုယ်စားပြုစနစ်သည် မဲဆန္ဒနယ်ဧရိယာကို ကျယ်ပြန့်စွာသတ်မှတ်ပြီး ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကို သတ်မှတ်ပေးပြီး ပါဝင်ယှဉ်ပြိုင်သည့် ပါတီ အဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲအရေအတွက် ပေါ်မူတည်၍ ရွေးကောက်ခံရသော ကိုယ်စားလှယ်သတ်မှတ်ပေးသည့် စနစ်ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ရရှိသည့်ထောက်ခံဆန္ဒမဲအပေါ်မူတည်ပြီး ရွေးကောက်တင်မြှောက် ခံရနိုင်ကြောင်း၊ အချိုးကျကိုယ်စားပြု စနစ်ကို ယေဘုယျအားဖြင့် သုံးမျိုး၊ သုံးစားခွဲခြားနိုင်ကြောင်း။
(က) ပါတီအမည်ကို မူတည်ပြီး အချိုးကျကိုယ်စားပြုစနစ် (Party List Proportional Representation System - LPR)
(ခ) ပါတီနှင့် အမတ်လောင်း တစ်ပါတည်းရွေးချယ်သော ပေါင်းစပ်ထားသည့် အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional System - MMP)
(ဂ) လွှဲပြောင်း၍ရသော တစ်ခဲတည်းပေးစနစ် (Single Transferable Vote- STV) စသည်တို့ ဖြစ်ကြောင်း။
ပါတီအမည်ကိုမူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် ( Party List PR) တွင်စာရင်းပိတ် (Closed List) စာရင်းဖွင့် (Open List) နှင့် စာရင်းလွတ် ( Free List) ဟူ၍သုံးမျိုးရှိကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများအရ အသက် ၅ နှစ် အထက် လုံးဝကျောင်းမနေဖူးသူ ၄ သန်း နီးပါး၊ အသက် ၂၅ နှစ် အထက် လုံးဝကျောင်းမနေဖူးသူ ၁သန်း နီးပါး၊ မူလတန်းနှင့် မူကြိုအဆင့်ရှိသူ ၁၁ ဒသမ ၈ သန်းရှိပြီး အလယ်တန်းအဆင့်နှင့်အောက် ပညာသင်ကြားခဲ့ရသူပေါင်းသည် နိုင်ငံလူဦးရေ ၏ သုံးပုံတစ်ပုံဖြစ် သည့် ၁၈ ဒသမ ၂ သန်း ရှိသည့်အတွက် PR စနစ်များထဲက Party List PR စနစ်၏ မူလပုံစံဖြစ်ပြီး ရိုးရှင်းလွယ်ကူသည့် closed List PR ကိုသာ ရွေးချယ်ကျင့်သုံးသင့်ကြောင်း၊ အတွေ့အကြုံရင့်ကျက်လာ ချိန်မှသာ အခြားစနစ်များကိုပြောင်းလဲကျင့်သုံးသင့်သည်ကို သုံးသပ် တွေ့ရှိကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများတွင် မြန်မာနိုင်ငံနှင့် သင့်လျော် ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးကို နိုင်ငံရေးပါတီ များ နှင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၊ မေလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများတွင် တွေ့ဆုံဆွေးနွေးခြင်း၊ စာတမ်းများဖတ်ကြားခြင်း၊ ရွေးကောက်ပွဲ ဒီဇိုင်းနှင့်စပ်လျဉ်း၍ ပါတီအစုအဖွဲ့အလိုက် ဆွေးနွေးညှိနှိုင်း ပြီး စာတမ်းများဖတ်ကြား ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၄ ကြိမ် တွေ့ဆုံဆွေးနွေးပြီး နောင်ကျင်းပမည့် လွှတ်တော်ရွေး ကောက်ပွဲများတွင် စာရင်းပိတ်အချိုးကျကိုယ်စားပြုစနစ် (Closed List-PR) ကျင့်သုံးရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်အရေအတွက် မပြောင်းလဲသည့် မဲဆန္ဒနယ်များ ပိုင်းခြားသတ်မှတ်၍ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေ သတ်မှတ်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းချက် များနှင့် အညီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသ ၆ ခုမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များတွင် သတ်မှတ်ချက်နှင့်အညီ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက် တင်မြှောက်ရာတွင် ယခင်ကျင့်သုံးခဲ့သည့် FPTP စနစ်ကိုသာကျင့်သုံး ရန် ဘုံသဘောတူညီမှုများ ရရှိခဲ့ပြီးဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၁၀၉ (က) ပြည်သူ့လွှတ်တော်ဖွဲ့စည်း ခြင်းတွင် “ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ” ဟုလည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၄၁(က) အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်းတွင် “ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး ” ဟုလည်း ကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်းတွင် “ မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ” ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၉၉ (ဂ) အရ “မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့်ပြင်ဆင် သတ်မှတ်ခြင်း” သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ပြီး ပုဒ်မ ၄၀၂ (က) အရ “ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာလုပ်ငန်းများ” နှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် အတည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေအတွက်အတိုင်း ဖွဲ့စည်းရန်အတွက်ကော်မရှင်မှ မဲဆန္ဒနယ်များသတ်မှတ်ပြီး လွှတ်တော်ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ် PR စနစ်ကိုအသုံးပြု၍ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သုံးရပ်လုံး အတွက် PR စနစ် ပြောင်းလဲ ကျင့်သုံးပါက ကျယ်ဝန်းသော မဲဆန္ဒနယ်နှင့် ကိုယ်စားလှယ်အရေ အတွက် သတ်မှတ်ရန်လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း နှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ (က)အရ “မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း” ၃၃၀ ဦး ထက်မပိုသော ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၅,၇၇၀,၂၃၂ကို အခြေခံတွက်ချက်ပါက လူဦးရေ ၁၆၉,၀၀၀ ဦးလျှင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှုန်း ရရှိမည်ဖြစ်ကြောင်း၊ လူဦးရေကို အခြေခံတွက်ချက်ပါက တိုင်းဒေသကြီး ၊ ပြည်နယ်များ၏ ရရှိမည့်ကိုယ်စားလှယ်အရေအတွက်တွင် လူဦးရေအချိုးအစားအရ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူဦးရေနည်းပါးသည့် ပြည်နယ်များတွင် ကိုယ်စားလှယ် အရေအတွက် များစွာလျော့နည်း သွားမည်ဖြစ်သည့်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ တွက်ချက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၉(က)အရမြို့နယ် ကိုသာ အခြေခံသင့်ကြောင်းနှင့် မဲဆန္ဒနယ်ကို တိုင်းဒေသကြီး / ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်များကို လိုအပ်သလိုစုစည်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်သည့် PR စနစ်ဖြင့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ကြောင်း။
အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၄၁ (က) အရ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုစီမှကိုယ်စားလှယ်တစ်ဦး စီ ပါဝင်စေပြီး သက်ဆိုင်ရာပြည်ထောင်စုနယ်မြေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက် သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး” ကို ရွေးကောက်တင်မြှောက်ပေးရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသတစ်ခုစီအတွက် ကိုယ်စားလှယ်တစ်ဦးစီကို FPTP စနစ်နှင့် ရွေးကောက်တင်မြှောက် ပေးပြီး ကျန်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက် နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် မဲဆန္ဒနယ်များ လိုအပ်သလို ပိုင်းခြားသတ်မှတ်ကာ PR စနစ်ဖြင့် ရွေးကောက်ပွဲဆောင်ရွက်နိုင်ကြောင်း။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁(က) အရ “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ” ရွေးကောက် တင်မြှောက်ရမည်ဖြစ်သည့်အတွက် တိုင်းဒေသကြီး / ပြည်နယ်အလိုက် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်သတ်မှတ်၍ ကိုယ်စား လှယ် နှစ်ဦးကျစီကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ပေးနိုင် ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက်ရရှိမည့် တိုင်းရင်းသား လူမျိုးလွှတ်တော် ကိုယ်စားလှယ် များကို FPTP စနစ်ဖြင့် ရွေးကောက် တင်မြှောက်ပေးရမည်ဖြစ်ကြောင်း။
အထက်ပါအတိုင်း PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ သည် သက်ဆိုင်ရာမဲဆန္ဒနယ်များ၏ ကိုယ်စားလှယ်များအဖြစ် သတ်မှတ် နိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသည့် တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးစီသည် မြို့နယ်တစ်ခုလုံး၏ ကိုယ်စားလှယ်များအဖြစ် သတ်မှတ်ပေးနိုင်ကြောင်း။
ထိုသို့ဆောင်ရွက်နိုင်သည့်အတွက် မဲဆန္ဒနယ်အလိုက်ပါတီစုံမှ ကိုယ်စားလှယ်များ ပါဝင်နေပြီး မဲဆန္ဒရှင်များ၏ တင်ပြချက်နှင့် မြို့နယ်လိုအပ်ချက်များကိုသက်ဆိုင်ရာ ကိုယ်စားလှယ်များနှင့် ယင်း ကိုယ်စားလှယ်များ၏ပါတီများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြင့် နောင်ရွေးကောက်ပွဲ အထိ ကိုယ်စားလှယ်အချင်းချင်း ၊ ပါတီအချင်းချင်း ထပ်မံအရွေးချယ်ခံရနိုင်ရေး ယှဉ်ပြိုင်ကြရသည့် PR စနစ်၏ အားသာချက်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ် ကျင့်သုံးခြင်းအားဖြင့် တိုင်းရင်းသားလူနည်းစုများ မိမိနယ်မြေဒေသအလိုက်ကိုယ်စားပြုရွေးချယ်ခံရသည့် အခွင့်အရေးများ ကို ပိုမိုရရှိမည်ဖြစ်ပြီး မိမိတို့လူမျိုးစုများနှင့် ဒေသအကျိုးဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။
အချိုးကျကိုယ်စားပြုစနစ် (PR - Closed List) ဖြင့်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပါတီများသည် သက်ဆိုင်ရာ လွှတ်တော် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို ဦးစားပေး အစီအစဉ်အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားရမည်ဖြစ်ကြောင်း၊ PR - closed List စနစ်သည် ပါတီကိုသာ မဲပေးရခြင်း ဖြစ်သည့်အတွက် ရွေးကောက်တင်မြှောက်ခံမည့် ကိုယ်စားလှယ်များ ကိုပြည်သူများ လေ့လာသိရှိနိုင်ရန် ပါတီများက ကိုယ်စားလှယ်လောင်း အမည်စာရင်းကို မဲဆန္ဒနယ်မြေအတွင်း ဗွီနိုင်း၊ နံရံကပ် ပိုစတာများ နှင့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကပ်ထားခွင့်ရရှိမည်ဖြစ်ကြောင်း။
အချိုးကျကိုယ်စားပြုစနစ် (PR - Closed List) စနစ်ဖြင့် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ် နမူနာနှစ်မျိုးကို တင်ပြလိုကြောင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းစာရင်း အပေါ်မူတည်ပြီး နမူနာပြုလုပ်ထားခြင်း ဖြစ်ကြေကြောင်း၊ PR စနစ်အရ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်ဦးရေပိုမိုများပြားလာပါက မဲလက်မှတ် နမူနာပုံစံ (၂) အတိုင်း ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ပါထည့်သွင်းဖော်ပြပါက ဆန္ဒမဲလက်မှတ်အရွယ်အစား သည် အလွန်ကြီးသွားနိုင်သည့်အတွက် ပါတီအမည်သာပါသည့် မဲလက်မှတ် နမူနာပုံစံ(၁) ကသာ ပိုမိုသင့်လျော်မည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိကြောင်း။
ဆက်လက်ပြီး အချိုးကျကိုယ်စားပြုစနစ် Party List PR (Closed List) အရ ကိုယ်စားလှယ်စာရင်းကို ပါတီများက ဦးစားပေးအစီအစဉ်အတိုင်း ကြိုတင်တင်ပြထားပြီး နောက်ရွေးကောက်ပွဲ ကျင်းပရာတွင် ပါတီ / တစ်သီးပုဂ္ဂလအလိုက်ရရှိသည့် ခိုင်လုံမဲအရ ရရှိကြမည့် ကိုယ်စားလှယ်အရေအတွက် တွက်ချက်မှုနမူနာပုံစံကို တင်ပြလိုကြောင်း၊ နမူနာအနေဖြင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုနယ်မြေအတွင်းရှိ ၈ မြို့နယ်ကို မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ကျင်းပရာတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီ ၄ ပါတီနှင့် တစ်သီးပုဂ္ဂလတစ်ဦးတို့ရရှိသည့် ခိုင်လုံမဲ ၉ဝဝ,ဝဝဝ အပေါ် မူတည်တွက်ချက် တင်ပြထားခြင်းဖြစ်ကြောင်း။
နမူနာပုံစံ (၁) သည် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၄ ပါတီက ကြိုတင်ပြထားသည့် ကိုယ်စားလှယ် လောင်း ၈ ဦးစီ၏ ဦးစားပေး အစီအစဉ်နှင့် တစ်သီးပုဂ္ဂလတစ်ဦး၏ အမည်စာရင်းဖြစ်ကြောင်း၊ မြို့နယ် ၈ မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ ဦး ရွေးချယ်ရမည်ဖြစ်သည့်အတွက် ပါတီအသီးသီးက ကိုယ်စားလှယ် လောင်း ၈ ဦးစီတင်ပြရခြင်းဖြစ်ကြောင်း။
နမူနာပုံစံ(၂) သည် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ရန် အနည်းဆုံးရရှိရမည့် ခိုင်လုံမဲတွက်ချက် သည့် ပုံစံဖြစ်ကြောင်း၊ ယခုရရှိသည့် အခြေခံစာရင်းဇယားများအရ ကိုယ်စားလှယ်တစ်ဦးဖြစ်ရန် Formula အတိုင်းတွက်ချက်ရာတွင် မဲ ၁ဝဝ,ဝဝ၁ လိုအပ်မည် ဖြစ်ကြောင်း။
နမူနာပုံစံ (၃)သည် တွက်ချက်မှုဇယားဖြစ်ပြီး တွက်ချက်မှုများအရ (A) ပါတီက သုံးဦး၊ (B) ပါတီက နှစ်ဦး၊ (D) ပါတီက နှစ်ဦးနှင့် တစ်သီး ပုဂ္ဂလကိုယ်စားလှယ် တစ်ဦး၊ ပေါင်းလွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးကို Largest Remainder Formula ဖြင့် တွက်ချက်ခြင်းဖြစ်ပြီး နမူနာပုံစံ ၄ အတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင် မည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ် တစ်ဦးဖြစ်ရန် လိုအပ်သည့်မဲအရေအတွက်ပြည့်မီသူ ခြောက်ဦးကို ပထမရွေးချယ်ပြီး ထပ်မံလိုအပ်သည့် ကိုယ်စားလှယ်နှစ်ဦးကို ကြွင်းကျန်မဲ များသည့်ပါတီ၊ တစ်သီးပုဂ္ဂလများက ထပ်မံရရှိပြီး ကိုယ်စားလှယ် ရှစ်ဦးရွေးချယ်နိုင်ခြင်း ဖြစ်ကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ (က)၊ ပုဒ်မ ၃၆၉ (က) နှင့် ပုဒ်မ ၃၉၅ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့် ဖြစ်စေ မဆန့်ကျင်ပါက ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၁ နှင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ တွင် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများကိုလည်း သတ်မှတ်ပြဋ္ဌာန်းထား ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (စ)အရ ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများ ဆိုင်ရာနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန် ဖြစ်သဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် နောင် ကျင်းပမည့် ရွေးကောက်ပွဲများကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင့်သုံးဆောင်ရွက်နိုင် ရေးဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
ယခုဆက်လက်ပြီး နိုင်ငံရေးပါတီများ စစ်ဆေးခြင်း၊ မဲဆန္ဒရှင် စာရင်းများ ပြုစုခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်း မည်ဖြစ်ကြောင်း၊ ဦးစွာတည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီ၏ စာရင်းများ စစ်ဆေးဆောင်ရွက် ပြီးစီးမှုအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့များနှင့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှစ၍ နိုင်ငံရေးပါတီများ၏ စာရင်းများကို စစ်ဆေးခဲ့ရာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စစ်ဆေးပြီးပါတီ ၈၁ ပါတီဖြစ်ကြောင်း၊ မတ်လအတွင်း နှစ်ပါတီ ထပ်မံစစ်ဆေး ပြီးစီးခဲ့သည့်အတွက် စုစုပေါင်း ၈၃ ပါတီ စစ်ဆေးပြီးဖြစ်ကြောင်း၊ စစ်ဆေးရန် ကျန်ပါတီများကို ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးမည့် နိုင်ငံရေးပါတီများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်းကောင်း၊ ပါတီရုံးစိုက်သည့် နယ်မြေ ကော်မရှင်အဖွဲ့ခွဲများမှ တစ်ဆင့် လည်းကောင်း၊ သက်ဆိုင်ရာပါတီ E-mail သို့ လည်းကောင်း ဆက်သွယ်အကြောင်းကြားစာ ပေးပို့ခြင်း၊ ကော်မရှင် Website နှင့် နိုင်ငံပိုင်မီဒီယာများကတစ်ဆင့် ကြိုတင် အသိပေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း အချို့ပါတီများအနေဖြင့် လိုက်နာပူးပေါင်း ဆောင်ရွက်ရန် အားနည်းပျက်ကွက်မှုများကို တွေ့ခဲ့ရသည့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအရ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်း စဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် (၅) အရ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒရှင် စာရင်းများ မှန်ကန်ပြည့်စုံရေး၊ ဥပဒေနှင့်အညီ မပါဝင်သင့်သူများ မပါဝင်စေရေးအတွက် ဆောင်ရွက်မှုအခြေအနေကို တင်ပြမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် မြို့နယ်အလိုက် အခြေခံ မဲဆန္ဒရှင် စာရင်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အိမ်ထောင်စုလူဦးရေ စာရင်း ပုံစံ (၆၆/၆) အပေါ် အခြေခံပြုစုလျက်ရှိရာတွင် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် လုပ်ငန်းများပြီးစီးမည် ဖြစ်ကြောင်း၊ အဆိုပါပြုစုပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲအခမ်းအနားများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လယ်ဝေးမြို့နယ်နှင့် မတ်လ ၁၄ ရက်နေ့တွင် ဒက္ခိဏသီရိမြို့နယ်တို့၌ ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း။
ရှေ့ပြေးစီမံချက်လုပ်ငန်းစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဦးရေစာရင်းပုံစံ (၆၆/၆) အရ ပြုစုထားပြီးဖြစ်သည့် လူဦးရေ စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်စုများမှာ လက်ရှိနေထိုင်သူ မြေပြင်လူဦးရေစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများကို သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဝန်ထမ်းများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ခံများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ရပ်/ကျေးစာရေး များပါဝင်သော အဖွဲ့များနှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အလားတူ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်း ရှေ့ပြေးစီမံချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များတွင် ယခုမတ်လ ဒုတိယပတ်မှစတင်ပြီး မြေပြင် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အနေနှင့်လည်း လှည့်လည် စစ်ဆေးကြပ်မတ်လျက်ရှိပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်တာဝန် ထမ်းဆောင်ရာတွင် ဆောင်ရွက်သွားမည့် ရှေ့ လုပ်ငန်းစဉ် ၅ ရပ်ပါ လုပ်ငန်းစဉ် (၁)ကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာတွင် ဆောင်ရွက်ရန် လုပ်ငန်းတချို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းစဉ်(၅)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)