Skip to main content

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော် မတ် ၂၇

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ် အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေး

ထိုသို့ ဆောင်ရွက်လျက်ရှိရာ မတ် ၂၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၁၅)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၀၄၅၂ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်(၇)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၇၇၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၂၄၄၈ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၄) မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၁၂၈ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၅၄၃၇၉ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နှင့် ပဲခူးမြို့နယ်တို့၌ ဒေသခံပြည်သူ ၃၅၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေး လျက်ရှိရာ မတ် ၂၆ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နှင့် မူဆယ်မြို့တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်