Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၇-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူ များအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၆-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၇-၃-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၀၉၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၀) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါ ပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၁.၂၉) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၇,၅၉၈,၃၂၃) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၀,၈၅၈) ဦး ရှိပြီ ဖြစ်ပါသည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၄၀၄) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၅၆၈,၃၄၉) ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၁) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၀) ဦး ရှိပါသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၆-၃-၂၀၂၂) ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၆,၄၇၃,၇၀၀) ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၆၇၀,၅၅၀) ဦး၊ ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၂၁,၈၀၃,၁၅၀) ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁,၀၃၉,၆၃၆) ဦး ရှိပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၂၆-၃-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၉,၃၁၆,၄၈၆) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

• ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိ၍ ရောဂါဖြစ်ပွား/သေဆုံးမှုများအား မျက်ခြေမပြတ်စောင့်ကြည့်လျက်ရှိရာ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးမှုများကို လေ့လာသုံးသပ်ကြည့်ရာတွင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူထားခြင်း ဖြင့် ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။

• နိုင်ငံတကာခရီးသွားကဏ္ဍတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုခံယူထားသူများအား ကမ္ဘာ့နိုင်ငံ အများစုမှ ကွာရန်တင်းဝင်ရောက်ရမှုမှ ဖြေလျော့ပေးခြင်း အပါအဝင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြေလျော့ပေး ခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။

• ကျန်းမာရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသနှင့် ဝေးလံခက်ခဲဒေသများတွင် နေထိုင်သူများအပါအဝင် မည်သူတစ်ဦး တစ်ယောက်မှ မကျန်ရစေဘဲ အသက် ၁၈ နှစ်နှင့်အထက် မိဘပြည်သူများ၊ အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားများစသည့် ဦးတည် အုပ်စု အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ နှင့် သွားရောက်ဆက်သွယ်၍ အကြိမ်ပြည့် ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

• COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။