Skip to main content

တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ လိုင်စင်မဲ့ဆိုင်ကယ်နှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာ့စက်မှုဆိပ်ကမ်း ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)၌ ကြေညာထား ခြင်းမရှိဘဲ ပိုမိုပါရှိလာသော လျှပ်စစ်ရေမော်တာများနှင့် PVC ရေပိုက်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၃၆၀၀၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ အကောက်ခွန် ဦးစီးဌာန၏  စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးပေါ်၌ သွင်းကြေညာလွှာ (ID)တွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်ထားသော ပန်းသီးနှင့် သစ်တော်သီးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၃၇၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးစခန်းမှအကောက်ခွန်ဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ကင်းလှည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မန္တလေးပြင်ဦးလွင် ကားလမ်းမိုင်တိုင် အမှတ် ၁၆ မိုင် ၄ ဖာလုံခန့်တွင် ပိုင်ရှင်မဲ့စုပုံထားသော တရားမဝင် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၅၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မတ် ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်တွင် (လိုင်စင်မဲ့) ဆိုင်ကယ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၈၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ အလားတူပဲခူးတိုင်း ဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေး အဖွဲ့များ က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်အတွင်း တရားမဝင်ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၅ ဒသမ ၄၂၁၆ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၁၁၅၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ် ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲငါးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၉၉၄၈၇၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်