Skip to main content

မြန်မာ−ရုရှားနှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေး

နေပြည်တော် မတ် ၂၆

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ ညနေ ၄ နာရီတွင် ဥရောပအာရှ စီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့၊ ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းမှ စီမံချက်မန်နေဂျာ ဖြစ်သူ Mr. Ilia Nesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ကျန်းမာရေးဝန်ကြီးဌာန၏ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေး(၁)သန်းကို အသုံးပြုထိုးနှံခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆေးကုသရေး လုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ရုရှားနိုင်ငံနှင့် ယခုထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့က မြန်မာ-ရုရှားနှစ်နိုင်ငံ ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြရာ ရုရှား နိုင်ငံမှ နိုင်ငံတကာအဆင့်မီ ကိုဗစ်-၁၉ ကာကွယ်ဆေးများ၊ ဆေးဝါးများ ထုတ်လုပ်နေမှုများနှင့် အဆိုပါဆေးဝါးများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ရရှိရေးနှင့် သုံးစွဲနိုင်ရေး ကိစ္စ၊ ဆေဝါးများနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဆေးဝါးများ၊ ဆေးရုံသုံးနှင့် ရောဂါရှာဖွေရေး ပစ္စည်းကိရိယာများ ပူးပေါင်းထုတ်လုပ်နိုင်ရေး ကိစ္စများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာနှင့် အထောက်အကူပြုသင်တန်းများ ပူ‌ပေါင်းဆောင်ရွက် နိုင်ရေးကိစ္စများ၊ ဓါတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသရေး ပညာရပ်ဆိုင်ရာသင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များအကြား အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရေးနှင့် ဝေးလံခက်ခဲ၍ လျှပ်စစ်မီးမရရှိသည့်ဒေသများရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများတွင် ဆိုလာစနစ်ကိုအသုံးပြု၍ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်