နေပြည်တော်၊ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စု လမ်းပေါ်ရှိ “ကမ္ဘောဇ” ဘဏ်ခွဲ၌ တပ်ဆင်ထားသည့် ATM စက်အား အကြမ်းဖက်သမား ၃ ဦးက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၈)ရပ်ကွက်၊ ပြည်ထောင်စုလမ်းပေါ်ရှိ “ကမ္ဘောဇ”ဘက်ခွဲမှ လုံခြုံရေးဝန်ထမ်းတစ်ဦးအား အကြမ်းဖက်သူ အမျိုးသား ၃ ဦး(စိစစ်ဆဲ)က သေနတ်ပြခြိမ်းခြောက်ကာ ဘဏ်အရှေ့၌ တပ်ဆင်ထားသည့် ATM စက်ခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၃)ရပ်ကွက်၊ ဗိုလ်ချိန်(၈) လမ်းနေ ကိုကျော်ဝင်းသန်း (၃၃)နှစ်(ဘ)ဦးတင်လှိုင်သည် အဆိုပါဘဏ်၌ ညစောင့်တာဝန်ယူ ဆောင်ရွက် နေစဉ် ည ၈ နာရီအချိန်ခန့် ဘဏ်အရှေ့သို့ အမျိုးသား ၃ ဦး(စိစစ်ဆဲ)တို့က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ကိုကျော်ဝင်းသန်းအား သေနတ်ပြခြိမ်းခြောက်ကာ ၎င်းတို့ ၃ ဦးအနက် တစ်ဦးက ဘဏ်အရှေ့တွင် တပ်ဆင်ထားသည့် ATM ငွေထုတ်စက်အား ဓါတ်ဆီ ပုလင်းဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားခဲ့သဖြင့် ATM စက်ခန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့၍ ကိုကျော်ဝင်းသန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ATM စက်တစ်လုံး (တန်ဖိုးငွေကျပ်သိန်း ၁၀၀၀ ခန့်) နှင့် စက်အိမ်မှန်ခန်းမှ မှန်တစ်ချပ် ကွဲအက်ပျက်စီးနေသည်ကို တွေ့ရှိရသည်။
ထိုကဲ့သို့ ဘဏ်လုံခြုံရေးဝန်ထမ်းအား သေနတ်ပြခြိမ်းခြောက်ကာ ဘဏ်အရှေ့ရှိ ATM စက်အား ဓာတ်ဆီပုလင်းဖြင့် ပစ်ပေါက်မီးရှို့ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။