Skip to main content

ဓာတုဥဒကဝါဟနပူဇာ ရွှေကျင်သာသနာပိုင် ဝိဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးဓာတ်ပြာ ရေမျှောပူဇော်

နေပြည်တော် မတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ဝိဇ္ဇောတာရုံ ကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ရွှေကျင်နိကာယာဓိပတိဥက္ကဋ္ဌ မဟာနာယကဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက နိုင်ငံတော် ဩဝါဒါစရိယ သိရောမဏိဘဒ္ဒန္တ ဝိဇ္ဇောတာရုံ ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးဓာတ်ပြာတော်များကို ရေမျှော ပူဇော်ပွဲခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ဆရာတော်ဘုရားကြီး၏ အရိုးဓာတ်ပြာအား တပည့်သံဃာ၊ ဒါယကာ ဒါယိကာမတို့က ဝိဇ္ဇောတာရုံ စာသင်တိုက်မှ သန်လျှက်စွန်းဆိပ်ကမ်းသို့ စတင်ပင့်ဆောင်ပြီး ဆိပ်ကမ်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများက စောင့်ကြို၍ ဖူးမြှော်ကြည်ညိုကြသည်။

ထို့နောက် ဆရာတော်ဘုရားကြီး အရိုးဓာတ်ပြာအား နတ်မင်းကြီးလေးပါးတို့ခြံရံ၍ ဝိဇ္ဇောတာရုံ ကျောင်းတိုက် တိုက်အုပ်နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမေတ္တယျ ဦးဆောင်ပြီး တပည့်သံဃာတော်များနှင့် ဒါယကာ ဒါယိကာမများက အစီအစဉ်အတိုင်း ဧရာဝတီရေတပ် စခန်း ဌာနချုပ်ရှိ တပ်မတော်(ရေ)သင်္ဘောပေါ်သို့ ပင့်ဆောင်၍ လည်းကောင်း၊ တပည့် ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့ သင်္ဘောဖြင့် လည်းကောင်း ပင်လယ်ဝသို့ ဆက်လက်ပင့်ဆောင်ကြသည်။ ပင်လယ်ဝ၌ ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့ သာသနာ့ဝန်ဆောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ရွှေကျင်) အကျိုးတော်ဆောင် မဟာဂန္ထဝါစက ပဏ္ဏိတ ဘဒ္ဒန္တစန္ဒသီရိက အရိုးဓာတ်ပြာရေမျှောပူဇော်ခြင်းဂါထာ ရွတ်ဆို၍ ဝိဇေတာရုံ ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော အရိုးဓာတ်ပြာတော်များအား ဆရာတော်၊ သံဃာတော် များနှင့် ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ရေမျှောပူဇော်ခဲ့ကြောင်း သတင်း ရရှိသည်။