Skip to main content

မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သမားများက အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်

နေပြည်တော်၊ မတ် ၂၆

တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော် အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေးဟု စွပ်စွဲ၍လည်းကောင်း၊ ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲ အပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်း ဖက်သူများက တုတ်၊ ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရပါသည်။

ထိုသို့အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မတ်လ ၂၅ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ကုန်းကြီးကျေးရွာအုပ်စု၊ ပြီစုပ်ကျေးရွာနေ ကုန်းကြီးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး  ဦးအောင်နိုင်ထွန်း(၄၄)နှစ် (ဘ)ဦးအောင်လှရွှေ၏ နေအိမ်အား အကြမ်းဖက်သမား ၃ ဦးက သေနတ်၊ လက်လုပ်ဗုံးတို့ဖြင့် ပစ်ခတ်ခဲ့၍ ကျောင်းသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အကြမ်းဖက်သမားများ လာရောက်ပစ်ခတ်ချိန်တွင် ဦးအောင်နိုင်ထွန်းသည် ရေတာရှည်မြို့သို့ သွားရောက်နေပြီး နေအိမ်၌ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နီနီအေး(၄၃)နှစ် (ဘ)ဦးငြိမ်းမောင်နှင့် သားဖြစ်သူ မောင်ဖြိုးကိုကိုကျော်(၈)နှစ် Grade 1 ကျောင်းသားတို့ရှိနေစဉ် နေအိမ်ရှေ့လမ်းပေါ်သို့ အကြမ်းဖက်သမား ၃ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ သေနတ်ဖြင့် ၇ ချက်ခန့်ပစ်ခတ်ကာ လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ လက်လုပ်ဗုံးမှာ နေအိမ်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်အောက်ထပ်၌ ထိုင်နေသည့် မောင်ဖြိုးကိုကိုကျော်၏ ယာတင်ပဆုံပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရေး ရေတာရှည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူ ငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။