နေပြည်တော် မတ် ၂၅
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲ မှုသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာသင်တန်း အမှတ်စဉ်(၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များနှင့် တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အထောက်အကူပြုပေးနိုင်မည်
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်က ယခုသင်တန်းကို ဖွင့်လှစ်ခဲ့ရာမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွား နေသည့်ကာလဖြစ်၍ တင်းကျပ်သည့် စည်းမျဉ်း၊ စည်းကမ်းများ ထုတ်ပြန်ခဲ့ရကြောင်း၊ ခက်ခဲသည့်ကာလတွင် စည်ကမ်းရှိရှိ တာဝန်သိသိ လိုက်နာဆောင်ရွက်ခဲ့ကြ၍ သင်တန်းပြီးမြောက်အောင်မြင် ခဲ့သည့်အတွက် ကျေးဇူးတင်လေးစားဂုဏ်ပြုလိုပါကြောင်း၊ သင်တန်းသား သင်တန်းသူများသည် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရန်အတွက် အဓိကကျ သည့်အခန်းကဏ္ဍမှ ဆောင်ရွက်ကြရသူများ ဖြစ်သောကြောင့် မိမိတို့၏ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု စွမ်းရည်နှင့် ယနေ့ခေတ်၏ ပြောင်းလဲလာသည့် နည်းပညာ၊ အတတ်ပညာ၊ ဗဟုသုတများကိုလည်း အမြဲမပြတ် လေ့လာဆည်းပူးနေရန်လိုကြောင်း၊ သို့မှသာ မိမိလက်အောက်ရှိအရာထမ်း၊ အမှုထမ်းများကို မှန်ကန်တိကျသည့် ဦးဆောင်လမ်းညွှန်မှုများကို ချမှတ်ပေးနိုင်မည်ဖြစ်သလို မိမိအထက်အဆင့် အကြီးအကဲများကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် မိမိတို့နှင့်သက်ဆိုင်သော ပညာရပ်ဗဟုသုတများ သာမက နိုင်ငံ့ဝန်ထမ်းတိုင်း သိသင့်သိထိုက်သည့် ဘာသာရပ်နယ်ပယ်အသီးသီးကိုလည်း နှံ့နှံ့စပ်စပ်သိရှိပြီး အစဉ်တိုးတက်နေအောင် ကြိုးစားကြရန် လိုအပ်သကဲ့သို့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင်လည်း ဆက်လက်လေ့လာဆည်းပူးသွားကြ ရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ခဲ့ပြီး သင်တန်းဆင်း အောင်လက် မှတ်နှင့် အဆင့်မြင့်ဒီပလိုမာဘွဲ့ လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၃၉ ဦး၊ သင်တန်းသူ၃၃ဦး စုစုပေါင်း ၇၂ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက် မှ ၂၀၂၂ ခုနှစ် မတ် ၂၅ ရက်အထိ ရက်သတ္တပတ် ၂၀ ကြာ ပို့ချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်