နေပြည်တော် မတ် ၂၅
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ ဖွင့်လှစ်ခဲ့သည့် သတင်းမီဒီယာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ က နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးက သတင်း မီဒီယာအခြေခံသင်တန်းမှ ပို့ချလိုက်သည့် ဘာသာရပ်များကို သင်တန်းသား သင်တန်းသူများ အနေဖြင့် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကောင်းဆုံး အသုံးချသွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့ တာဝန်ယူဆောင်ရွက်ရသည့် မည်သည့်လုပ်ငန်းကိုမဆို စိတ်ရင်း စေတနာကောင်းဖြင့်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ကော်မရှင် ဥက္ကဋ္ဌ က သတင်းမီဒီယာအခြေခံသင်တန်းတွင် ဘာသာရပ်အလိုက်သင်ကြား ပို့ချပေးခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းနည်းပြများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ပထမဆုနှင့် ဒုတိယဆုများရရှိသည့် သင်တန်းသူ နှစ်ဦးကိုဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် ကော်မရှင်အတွင်းရေးမှူး က သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား ကိုယ်စားလှယ် တစ်ဦးကို သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်