Skip to main content

လေကြောင်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများ၊ အီလက်ထရွန်နစ် ပစ္စည်းကိရိယာများ ဖြည့်တင်းပံ့ပိုးပေးနိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ အမြင်ချင်းဖလှယ်ဆွေးနွေး

နေပြည်တော် မတ် ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေး သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန်  အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများကို ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကိုယ်စားလှယ်များအနက် Mr. Vitaly MALIEV, Vice President, Russia Association for Friendship & Cooperation with Myanmar ဦးဆောင်သော အဖွဲ့ဝင် (၁၄) ဦးပါ ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ၁၉၄၈ ခုနှစ် မှစ၍ သံတမန် ဆက်သွယ်မှုပြုခဲ့ရာ ယခုအခါ (၇၄) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအပေါ် ဖွံ့ဖြိုးမှု အကူအညီများပေးအပ်မှု၊ ခိုင်ခိုင်မာမာရပ်တည်ပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ- ရုရှား လေကြောင်းသဘောတူ စာချုပ်ကို ၁၉၇၀ ပြည့်နှစ်ကတည်းကရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုများ ဆောင်ရွက်ကြောင်း၊ ဆက်သွယ်ရေးကဏ္ဍတွင်လည်း သတင်းအချက်အလက် လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ရန် နှစ်ဘက်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံမှ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း ပြောကြားခဲ့ပြီး၊ လေကြောင်းပို့ဆောင်ရေး၊ ရထားပို့ဆောင်ရေးနှင့် သတင်းအချက်အလက် နည်းပညာကဏ္ဍများ၊ အီလက်ထရောနစ်ပစ္စည်းကိရိယာများ ဖြည့်တင်းပံ့ပိုးပေးနိုင်မှုဆိုင်ရာ  ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်  ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းဆိုင်ရာများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်