Skip to main content

ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတောကမ်းလမ်းပေါ်ရှိ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲကျင်းပ

ဘုတ်ပြင်း မတ်  ၂၅

(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့ (၁၃)မှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတော ကမ်းလမ်းပေါ်ရှိ အရှည်ပေ ၁၂၀၀ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ အောင်ကြီး၊ တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြား ထားသည့်ဧည့်သည်များ တက်ရောက်ကြသည်။

တိုးတက်အောင်ဆောင်ရွက်လျက်ရှိ

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက် ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသော တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအခြေအနေများ တိုးတက်အောင်ဆောင်ရွက်လျက်ရှိပြီး အခြေခံ  အဆောက်အဦဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေး၊ လမ်းတံတား၊ အိမ်ရာများကောင်းမွန်စေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ ကူးလူးဆက်သွယ်သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုရရှိစေ မည်ဖြစ်ကြောင်း၊ ထို့အပြင် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွင်း အကျိုးဖြစ်ထွန်းမှုရရှိစေရေးတို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပါဝင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေးအတွက် ဦးစားပေးဆောင်ရွက်နိုင်ရန် ပထဝီနှင့် သဘာဝအတားအဆီးနေရာများတွင် တံတားများ တည်ဆောက်ပေးခြင်း၊ လမ်းများ ရာသီမရွေး သွားလာနိုင်ရန် ဖောက်လုပ်ပေးခြင်း၊ အဆင့် မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် မြို့ပြဒေသများ သာမက ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်

ယနေ့ဖွင့်လှစ်သည့် ဘုတ်ပြင်း-အုန်းတော ကမ်းတံတားတည်ဆောက်ပြီးစီးပြီဖြစ်၍ ဒေသခံ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းလာသကဲ့သို့ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေလိုကြောင်း၊ တံတားကြီးကို အောင်မြင်စွာဖွင့်လှစ်နိုင်ရန် ပံ့ပိုးကူညီပေးကြသော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကြိုးပမ်းဆောင်ရွက်ပေးကြသော ဆောက်လုပ်ရေးဝန်ကြီး ဌာနမှကာယ၊ ဉာဏဝန်ထမ်းများကို နိုင်ငံတော်အစိုးရ က ကျေးဇူးအထူးတင်ရှိပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြား သည်။ ယင်းနောက် ဒေသခံပြည်သူတစ်ဦးက ဘုတ်ပြင်း-အုန်းတောကမ်းတံတား ဖွင့်လှစ်ပေးသည့် အတွက်နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ထို့နောက် ဘုတ်ပြင်း-အုန်းတောကမ်းတံတားအား ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ဆက်လက်၍ ဘုတ်ပြင်း-အုန်းတောကမ်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ကာ အမွှေး နံ့သာရည်များ ပက်ဖျန်းပေးပြီး တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု၍ တက်ရောက်လာကြသော  ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဘုတ်ပြင်း-အုန်းတော ကမ်းတံတားသည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ဘုတ်ပြင်း-အုန်းတော ကမ်းလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်ပေ ၁၂၀၀၊

သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်သည်၊ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ပြီး Super Structure အပိုင်းကို ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မနှင့် သံကူကွန်ကရစ်ကြမ်းခင်းတို့ဖြင့် တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေး

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အဖွဲ့သည် ထားဝယ်ခရိုင် ကလိန်အောင်မြို့သို့ သွားရောက်၍ ကိုကိုးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက် က ဒေသဆိုင်ရာအချက်အလက်များ၊ ကိုကိုးစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး အောင်ဇဗ္ဗူကိုကိုး စိုက်ပျိုးထုတ်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ကိုကိုးမှ ထုတ်လုပ်ရရှိသော စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြသသည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက  ကိုကိုးပင်များ စိုက်ပျိုးထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ သိရှိလိုသည်များကို မေးမြန်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်