နေပြည်တော် မတ်လ ၂၅
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေး-သူရဲဈေး ရထားလမ်းပိုင်းတွင် မန္တလေးမြို့ပတ် RBE ရထားစတင်ပြေးဆွဲခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးဘူတာကြီး စင်္ကြန်(၁)၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့မီးရထားဦးဆောင် ညွှန်ကြားရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများနှင့်ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက မြို့ပတ်ရထားပြန်လည် ပြေးဆွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးတို့က မန္တလေး-သူရဲဈေးလမ်းပိုင်း တွင်ပြေးဆွဲမည့် RBE ရထားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ရထားစက်ခေါင်းအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရထားပေါ်တွင် စီးနင်းလိုက်ပါကြသည့် ခရီးသွားပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
မန္တလေးမြို့ပတ်ရထား (မန္တလေး-သရဲဈေး) ခရီးစဉ်ပြေးဆွဲခြင်းကို ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှစ၍ ယာယီရပ်နားခဲ့ရပြီး ယခုအခါကိုဗစ်-၁၉ရောဂါ ပျံ့ပွားမှုလျော့နည်းလာခြင်းနှင့် ဒေသခံပြည်သူများ၏ ခရီးသွားလာမှုအဆင်ပြေစေရန် ရထားပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက် ရထားလမ်းပိုင်း ကြံ့ခိုင်မှုရှိစေရေး ကွန်ကရစ်ဇလီဖားတုံးများလဲလှယ်ခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မန္တလေးမြို့ပတ်ရထားသည် မန္တလေးမြို့၏ တိုးတက်များပြားလာသောလူဦးရေနှင့် တိုးချဲ့လာသည့် မြို့ပြ၏ အခြေအနေများကြောင့် မရှိမဖြစ်လိုအပ်လာခြင်း၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာခြင်းထက် မြို့ပတ်ရထားဖြင့်ခရီးသွားပါက ကုန်ကျစရိတ် ပိုမိုသက်သာနိုင်ပြီး ပြည်သူများမန္တလေးမြို့အတွင်း အဆင်ပြေစွာခရီးသွားလာနိုင်ရေးအတွက် ရထားအား ပြန်လည်ပြေးဆွဲပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြေးဆွဲရာတွင် အမှတ်(မ-၄၁)အဆန် RBE ရထားသည် မန္တလေးဘူတာမှ နံနက် ၇ နာရီတွင် ထွက်ခွာ၍ သူရဲဈေးဘူတာသို့ နံနက် ၉ နာရီတွင်လည်းကောင်း၊ အမှတ်(မ-၄၂)အစုန် RBE ရထားသည် သူရဲဈေးဘူတာမှ နေ့လယ် ၂ နာရီတွင် ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၄ နာရီတွင်လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်ပြီး အသွား/အပြန် ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်းနှင့် ရှမ်းစုဘူတာ၊ မြို့ဟောင်းဘူတာ၊ သိုးခြံဘူတာ၊ ကန်သာယာဘူတာ၊ အောင်ပင်လယ်ဘူတာ၊ ယာဉ်ပျံဘူတာ၊ အိုးဘိုဘူတာနှင့် သူရဲဈေးဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း၊ စီးနင်းလိုက်ပါမည့်ခရီးသည် တစ်ဦးလျှင် ၂၀၀ ကျပ် နှုန်းဖြင့် အသွား/အပြန် ၄၀၀ကျပ်နှုန်း ကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။