Skip to main content

(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်း ဖွင့်ပွဲကျင်းပ

နေပြည်တော်  မတ်  ၂၅

၇၇ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မိတ္ထီလာမြို့နယ် စည်ပင်သာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မြို့ရေ ပေးရေးစီမံကိန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာမြို့ ရေပေးရေးစီမံကိန်း Water Treatment Plant နေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ယခု မြို့ရေပေးရေးစီမံကိန်းမှ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်သုံးခုရှိ လူဦးရေ ၃၄၅၀၀ အိမ်ထောင်စု ၇၀၀၀ ခန့်ကို သန့်ရှင်းသည့် သောက်သုံးရေကို ဖြန့်ဝေပေးနိုင်မည်ဖြစ်၍ မိတ္ထီလာမြို့ ရေပေးရေးလွှမ်းခြုံမှုကို မူလ ၄၅ ရာခိုင်နှုန်း ခန့်ရှိရာမှ ၇၀ ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားပါကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းဖြစ်သည့်အတွက် ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုးရှိစွာ အသုံးချနိုင်ရန်၊ ပြင်ဆင်ထိန်းသိမ်းရေး ကိစ္စရပ်များကို ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူ အဆင့်ဆင့်က အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားရန်နှင့် ဆက်လက်ဆောင်ရွက်ပေးရမည့် ဝန်ဆောင်မှုများကိုလည်း မပျက်မကွက် ဆောင်ရွက်ပေးသွားရန် မှာကြားလိုကြောင်း ပြောကြား သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး က အမှာစကားပြောကြားပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်းဖြစ်ပေါ်လာပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြကာ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။

ဆက်လက်၍  မိတ္ထီလာမြို့ မြို့ရေပေးရေးစီမံကိန်းဖွင့်ပွဲမုဒ်ဦးကို  တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ JV of Modern World and Sanli ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့ရေပေးရေးစီမံကိန်း ကဗ္ပည်းမော်ကွန်းအား ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးပြီး ရေသန့်စင်စက်ရုံအတွင်း ရေသန့်စင်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍  လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် မိတ္ထီလာမြို့နယ် ဝါးရုံကျေးရွာအုပ်စု၊ ဖိုးမိုးကြီးကုန်းကျေးရွာ၌အိမ်ခြေ ၁၁၀၊ လူဦးရေ ၄၉၅ ဦးတို့အတွက် သောက်သုံးရေဖူလုံစွာ ရရှိရေး အကျယ် လေးလက်မ၊ အနက်ပေ ၇၀၀ ရှိ တွင်းနက် စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကိုလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံကိန်းမှရရှိသည့် အတိုးရငွေ၊ ပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် ရမည်းသင်းမြို့နယ် ထီးလှိုင်ကျေးရွာရှိ လူဦးရေ ၁၃၃၉ ဦးတို့၏ စိုက်ပျိုးမြေဧက ၄၉၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု ကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရှိသည့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာတွင် စနစ်ကျ အဆင့်မြင့်လယ်ယာဖော်ဆောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းဆင်းများ၏ စားသောက် ကုန်ထုတ်လုပ်ရောင်းချနေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

(သတင်းစဉ်)