Skip to main content

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ် ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဖိုရမ်၏ ဆက်စပ်အစည်းအဝေးကျင်းပ

နေပြည်တော် မတ် ၂၄

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum- SEANF) ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting)ကိုဖိုရမ်၏၂၀၂ခုနှစ်အတွက်အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ လူ့ အခွင့်အရေးကော်မရှင် က ဦးဆောင်၍ မတ် ၂၃ ရက်မှ ၂၄ ရက်အထိ virtual online platform အသုံးပြု၍ ကျင်းပသည်။

လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ တီမောလက်စ်တေနှင့် ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ကျင်းပခဲ့သော ဖိုရမ်၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များ၏ ဆောင် ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှု၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့အကြား နိုင်ငံမဲ့ဖြစ်နေသူများ အခွင့် အရေးနှင့် စပ်လျဉ်း၍ လက်မှတ် ရေးထိုးထားသော နားလည်မှုစာချွန် (MOU)ပါ လုပ်ငန်းရပ်များ ဆောင်ရွက်မှု၊ ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာ စီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်တို့ပါ လုပ်ငန်းရပ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရေးကိစ္စ၊ သက်ကြီးရွယ်အိုများ အခွင့်အရေးနှင့် စပ်လျဉ်း၍ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနှင့် စပ်လျဉ်း သော ဆောင်ရွက်ချက်များ မျှဝေဆွေးနွေးခြင်းကိစ္စ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း သတင်းအချက်အလက်များ လုံလောက်စွာ မရရှိခြင်းနှင့် လွဲမှားသည့် သတင်းအချက်အလက်များ ဖြစ်ပေါ်စေမှုနှင့်စပ်လျဉ်း သောကိစ္စ၊ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးကိစ္စ၊ ဖိုရမ်နှင့် အာဆီယံအစိုးရချင်း ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့ ထိတွေ့ ဆက်သွယ်ဆောင်ရွက်ရေး ကိစ္စ၊ ဖိုရမ်၏ ဒုတိယ အကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် (၁၉)ကြိမ် မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရေးကိစ္စ စသည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ် ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။

လုပ်ငန်းအဖွဲ့အစည်းအဝေး၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ (၁၈) ကြိမ် မြောက် ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးအပြီး လူ့အခွင့်အရေးမြှင့်တင်ပညာပေးရေးနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့်  တိုးတက်ဖြစ်ထွန်းမှုများကို ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က လည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သတင်းအချက် အလက်များ လုံလောက်စွာမရရှိခြင်း နှင့်လွဲမှားသည့် သတင်း အချက်အလက်များ ဖြစ်ပေါ်စေမှုနှင့်စပ်လျဉ်း၍ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း ကလည်းကောင်း တင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က မဟာဗျူဟာစီမံကိန်းနှင့် ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်နှင့် ဘာသာရပ်အလိုက် ဆွေးနွေးမှုများတွင် ပါဝင်အကြံပြုဆွေးနွေးသည်။

မတ် ၂၃ ရက် မွန်းလွဲပိုင်းတွင် virtual online platform ဖြင့် ဖိုရမ်၏ ဆက်စပ်အစည်းအဝေး တစ်ရပ်အဖြစ်ကျင်းပသော “SEANF Leadership in Mitigating Disinformation to promote Human Rights Online Discussion Series on  Influence Operations”သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြ သည့် ဦးပေါ်လွင်စိန်နှင့် ဒေါက်တာတင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။

ဆက်စပ်အစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် ဖိလစ်ပိုင်နိုင်ငံရှိ The Centre for Humanitarian Dialogue (HD) အဖွဲ့ အစည်းတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အခမ်းအနား သို့ အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေး အဖွဲ့ အစည်းများ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  ဖိလစ်ပိုင်နိုင်ငံရှိ အရပ်ဘက် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သတင်းအချက်အလက်  လုံလောက်စွာမရရှိခြင်းနှင့် လူ့အခွင့်အရေးအပေါ် သက်ရောက်မှု၊ သတင်းအချက်အလက် လုံလောက် စွာမရရှိခြင်းကြောင့် အမျိုးသမီးများနှင့် အားနည်း ထိခိုက်လွယ်သည့်အုပ်စုများအပေါ် သက်ရောက်မှု အစရှိသည့် လူ့အခွင့်အရေးနှင့် စပ်လျဉ်းသော  ကိစ္စရပ်များကို တင်ပြဆွေးနွေးကြပြီး SEANF အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများက ဘာသာရပ်နှင့်စပ်လျဉ်း၍ အတွေ့အကြုံများမျှဝေ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်