မြိတ် မတ် ၂၄
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၄)မှ တာဝန်ယူ တည်ဆောက် ပြီးစီးသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တနင်္သာရီ မောတောင်လမ်းပေါ်ရှိ အရှည်ပေ ၇၈၇ ပေ ၊ ဗောဓိကမ်း တံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတံတားရှိ မင်္ဂလာမဏ္ဍပ်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ ပုဂ္ဂိုလ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့မှပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည် သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြ သည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက တနင်္သာရီတိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချော မွေ့စေရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့နှင့် ဆက်သွယ်ပေးလျက်ရှိသည့် ဘုရားကြီး-မော်လမြိုင်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း(အာဆီယံလမ်းမကြီး အမှတ်-၁၁၂) ကို အာဆီယံ လမ်းမကြီးများ၏ လမ်းအဆင့် အတန်းသတ်မှတ်ချက်များနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးခြင်းဖြင့် မဟာမဲခေါင်ဒေသ စီးပွားရေး စင်္ကြန်လမ်းမကြီးများနှင့် ချိတ်ဆက်ပြီး အာဆီယံဒေသတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူ လျင်မြန်စေခြင်း၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုး တက်မှု အတွက် များစွာအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း။
တနင်္သာရီတိုင်းဒေကြီးတွင် အကောင်အထည်ဖော်မည့် ထားဝယ်စီးပွားရေး အထူးဇုန်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့နှင့် ပင်လယ်ရေကြောင်းလမ်း၊ ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်သွား မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာစေရန်၊ နိုင်ငံသူနိုင်ငံ သားများ၏ ဘဝချမ်း မြေ့ပျော်ရွှင်စေရန် နိုင်ငံတော်အစိုးရအနေဖြင့်ကောင်းမွန်သော ရည်မှန်းချက်၊ ဦးတည်ချက် များကို ကြိုးပမ်းပုံဖော်လျက်ရှိကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုများကလည်း နိုင်ငံတော် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်စေရေးစသည့်လုပ်ငန်းစဉ်များအပေါ်ပိုမိုပူးပေါင်း ဆောင်ရွက်ပေးကြ စေလိုကြောင်းစသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက တံတားတည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ကတံတား တည်ဆောက် ပေးခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။ ယင်းနောက် ဒေသခံ ပြည်သူတစ်ဦးက ဗောဓိကမ်းတံတား ဖွင့်လှစ်ပေးသည့်အတွက် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်းနှင့် တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဘုတ်ပြင်း-အုန်းတောကမ်း တံတားအား ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ဗောဓိကမ်းတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စက်ခလုပ် နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု ကြသည်။
ဗောဓိကမ်းတံတားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်းပေါ်ရှိ ငဝန်ချောင်းပေါ်တွင် တည်ဆောက်ထားပြီး တံတား အရှည် ၇၈၇ ပေ၊ R.C Concrete အမျိုးစားဖြစ်သည်။ တံတား၏ Foundation အပိုင်းကို Bored Pile Foundation ဖြင့်တည်ဆောက်ပြီး Super Structure အပိုင်းကို P.C Girder & R.C slab တို့ဖြင့် တည် ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရသည်။
ထိုမှတဆင့် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့သို့သွားရောက်၍ တောင်ဒဂုံဆီအုန်း စိုက်ပျိုးရေး စီမံကိန်း ဆီကြမ်းစက်ရုံကို သွားရောက် ကြည့်ရှုစစ်ဆေးရာ စီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်လတ်က ဆီသီးခိုင်များကြိတ်ခွဲ၍ ဆီကြမ်းများ ထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အဖွဲ့အား ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှု ကုမ္ပဏီများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ စက်ရုံရှိ ရိပ်သာ၌ ဆီအုန်းပင်များ စိုက်ပျိုးမှု အခြေအနေများ၊ ဆီကြမ်းထုတ် လုပ်မှုအခြေအနေများနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများကို အသီးသီး ရှင်းလင်း တင်ပြကြသည်။ ထို့နောက် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ရှင်းလင်းတင်ပြ မှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆီအုန်းပင်များ စိုက်ပျိုးထားရှိမှု အခြေအနေ များကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။